DVB Logo
Home
Lead Story
အိမ်တွင်းပုန်း သမ္မတလောင်း
DVB
·
December 22, 2023
အိမ်တွင်းပုန်း သမ္မတလောင်း
Donate to DVB

ရပ်ကွက်ထဲတွင် အလှူအတန်းလုပ်သည့် အခါတိုင်း ကိုယ့်အိမ် တအိမ်တည်း ကွက်၍ ဖိတ်ကြားခြင်း မခံရပါက မိမိတို့အား မည်မျှ ရွံရှာ မုန်းတီးနေကြပြီ ဆိုသည်ကို မည်သူ မဆို ရိပ်စားမိလောက်ပြီ ဖြစ်သည်။

သို့သော် မိမိ အကျင့်စရိုက်ကို ပြင်ရကောင်းမှန်း မသိ၊ ရှက်ရမှန်းလည်း မသိ၊ အချိန်တန်လျှင် ပြန်ဆက်ဆံကြလိမ့်မည်ဆိုကာ အိမ်ထဲဝင်လာမည်ကို လည်ပင်းတရှည်ရှည်ဖြင့် ထိုင်စောင့်နေသူ၏ အဖြစ်က လက်ရှိ အာဏာသိမ်းအဖွဲ့၏ အဖြစ်နှင့် တထပ်တည်းပင် ဖြစ်သည်။

ယခု တိုကျိုရှိ အလာစကားနန်းတော် အစိုးရဧည့်ဂေဟာကြီးတွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက အာဆီယံ ခေါင်းဆောင်များအား အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နှစ် ငါးဆယ်ပြည့် အခမ်းအနားသို့ ဖိတ်ကြားပြီး ညစာ စားပွဲဖြင့် တလေးတစား ဧည့်ခံသည့် ပွဲတွင်လည်း စစ်ခေါင်းဆောင်အား ‌ယောင်လို့မျှပင် ဖိတ်ကြားမခံခဲ့ရပြန်ပေ။ 

၎င်း၏ ရုရှားသို့ အတင်းကာရော သွားရောက်ခဲ့သည်များမှအပ တရားဝင် ခရီးဆို၍ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်း စွပ်ခဲ့သည့် ဂျကာတာသွား ခရီးသာရှိခဲ့သည်၊ ထိုအစည်းအဝေးတွင်ပင် ၎င်း၏ သဘောတူ ညီချက်ဖြင့် ဘုံသဘောတူညီချက် ငါးချက် ဆိုသည်ကို ချမှတ်ခဲ့သည်၊ သို့သော် နေပြည်တော် ပြန်ရောက်သည့်အခါတွင်တော့ သူမပြောခဲ့သလို ရူးချင်ဟန်ဆောင်ခဲ့သည်။

ဤသည်ကပင် စစ်ကောင်စီ၏ နိုင်ငံတကာ ဆက်ဆံရေးတွင် ရှေ့လျောက် မည်သို့မျှ နာလန် မထူနိုင်အောင် ဖြစ်သွားခဲ့ရသည်။

တိုကျိုတွင် ပြုလုပ်သည့် ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဖိလစ်ပိုင် သမ္မတမားကို့စ် ဂျုနီယာက လစ်လပ်နေသောခုံကို လက်ညိုးထိုးကာ အာဆီယံ မိသားစုဝင်ဖြစ်နေဆဲ  မြန်မာပြည် တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပြည်သူများ၏ ဆင်းရဲဒုက္ခရောက်နေမှုများအား ပါဝင် ပတ်သက်နေသူ အားလုံးနှင့် ‌‌‌ဦးဆောင်ဦးရွက်ပြု ဆွေးနွေးပြီး ဖြေရှင်းခြင်းမပြုဘဲနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု ရှိလာလိမ့်မည် မဟုတ်ဟု ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီကလည်း ၎င်း၏ ပင်လယ်ကမ်းခြေသို့ တဖွဲဖွဲ ဆိုက် ရောက်လာနေသော ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်များအကြောင်း ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံသွားပြန်သည်။ တကယ်တမ်းတွင် ၎င်းသည် အာဆီယံဥက္ကဋ္ဌအဖြစ် ရလာသည့် အကောင်းဆုံးအခွင့်အရေးကို အသုံးမချ နိုင်ခဲ့သူသာ ဖြစ်ပေသည်။

ဤသည်ကိုလည်း သူ့အား အပြစ်တင်၍ မရပြန်၊ မြန်မာပြည်ရှိ ဓာတ်ဆီဆိုင်များတွင် ကားတန်းကြီး တမျှော်တခေါ်ကြီး ဖြစ်နေမှု၊ မီးမလာသဖြင့် လက်ကိုင်ဖုန်းပင် အားမသွင်းနိုင် ဖြစ်နေကြရသော်လည်း အင်ဒိုနီးရှားသည် G-20 နိုင်ငံများ စာရင်းဝင် ထိပ်တန်း စီးပွားရေး အားကောင်းသော နိုင်ငံဖြစ်လာပြီး ဂျိုးဘိုင်ဒင်၊ အီလွန်မပ်စ်၊ ဆော်ဒီအိမ်ရှေ့မင်းသားကဲ့သို့ ပုဂ္ဂိုလ်များ မဖြစ်မနေ သွားရောက်ရသည့် နိုင်ငံဖြစ်လာပေပြီ။

ထိုကဲ့သို့ ဖြစ်လာနေသည်ကို အားကျရကောင်းမှန်းမသိ၊ လက်ရှိ  အနေအထားကို ပြောင်းလဲ ပစ်နိုင်စွမ်း ရှိသူများက အဘ၊ အဘနှင့် အဘ ရန်သူ ဒို့ရန်သူ ဆိုကာ မြှောက်ပင့် ကောင်းနေဆဲပင် ဖြစ်သည်။

တကယ်တမ်းတွင် ၎င်းတို့ မြှောက်ပင့်ပေးနေသည့် အဘသည် ပြည်ပသို့သာ တရားဝင်ခရီး ထွက်ခွင့် မရရှာသည်သာမက ပြည်တွင်းတွင်ပင် ၎င်းသွားရောက်နိုင်သည့် နေရာဒေသများက ကျဉ်းသည်ထက် ကျဉ်းလာနေပြီ ဖြစ်သည်။

နေပြည်တော်နှင့် ပြည်နယ်တိုင်း ၁၄ ခု ရှိသည့် အနက် မင်းအောင်လှိုင်သွား၍ ရသည်က ၆ ခုသာ ကျန်တော့ပြီး ထို ၆ ခုတွင်လည်း မြို့တော်များသာ ဖြစ်သည်ဟု ဧရာဝတီက ဆန်းစစ် တင်ပြထားသည်။

ယခုနှစ်အတွင်း ၎င်းရောက်ခဲ့သည့်က ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းဒေသကြီး၊ ရခိုင်နှင့် ရှမ်းပြည်နယ်သာ ရှိသည်ဟု ဆိုသည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော စစ်ကိုင်းတိုင်း အတွင်းသို့ ရောက်ရှိသွားခဲ့သော်လည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဝင်းအတွင်းမှ အပြင်သို့ ခြေတလှမ်းပင် မထွက်ရဲခဲ့ဟုလည်း ပါရှိသည်။

ရခိုင်သို့ သွားခဲ့သည့် အချိန်ကလည်း ဇူလိုင်လအတွင်း ဖြစ်ပြီး အတော်လေး ငြိမ်းငြိမ်းချမ်းချမ်း ရှိနေချိန်လည်း ဖြစ်နေသည်။

ရှမ်းပြည်နယ် ဆိုသော်လည်း တောင်ပိုင်းသာ ခဏခဏ ရောက်သော်လည်း မြောက်ပိုင်းကိုကား တိုက်ပွဲများ ဖြစ်ပွားနေသည့် သိန္နီ နှင့် ၈၀ ကီလိုမီတာဝေးသော လာရှိုးအထိသာ ဖြစ်သည်။ ၎င်း၏ တပ်များ အကြီးအကျယ် အရေးနိမ့်နေသည့် ထိုဒေသသို့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တလခွဲခန့် ကြာမှသာ ရောက်လာခြင်း ဖြစ်သည်။

သူ့အဖို့ လားရှိုးသို့ပင် အရဲစွန့်လာခဲ့ရသည်ကို ကျေနပ်အားရခြင်း မရှိဘဲ အဘသည် အဘယ်ကြောင့် လောက်ကိုင်နှင့် လွိုင်ကော်သို့ သွားရောက် အားပေးခြင်း မရှိရသနည်းဟု ဆိုရှယ်မီဒီယာတွင် ထောက်ခံသူများက မေးခွန်းထုတ်လာကြသည်။

စစ်တွေနှင့် ၂၂ ကီလိုမီတာသာဝေးသော ပေါက်တောတွင် ရက္ခိုင့်တပ်တော်သည် စစ်စခန်း ၆ ခု ကို သိမ်းပိုက်ထားပြီး ဖြစ်၍ အဘ မည်သည့်အခါမျှ လာနိုင်တော့မည် မဟုတ်ပေ။

သမ္မတဖြစ်လိုသော်လည်း နိုင်ငံတွင်း သွားနိုင်သည့် နယ်ကား ကျဉ်းသည်ထက်ပင် ကျဉ်းလာ‌နေရပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013