DVB Logo
Home
မြန်မာသတင်း
NUG ထိန်းချုပ်နယ်မြေ၌ လျှပ်စစ်မီး ရာနှုန်းပြည့်နီးပါး ဖြည့်ဆည်းပေးနိုင်ဟု NUG ဝန်ကြီးပြော
DVB
·
December 21, 2023
NUG ထိန်းချုပ်နယ်မြေ၌ လျှပ်စစ်မီး ရာနှုန်းပြည့်နီးပါး ဖြည့်ဆည်းပေးနိုင်ဟု NUG ဝန်ကြီးပြော
Donate to DVB

NUG ထိန်းချုပ်နယ်မြေတွေမှာ ပြန်လည်ထူထောင်ရေးအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လျှပ်စစ်မီးကိုရာနှုန်းပြည့်နီးပါး ဖြည့်ဆည်းပေးနိုင်နေပြီလို့  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

NUG အစိုးရလက်အောက်မှာ ရှိတဲ့ မြို့နဲ့ ကျေးရွာတွေမှာ ပြန်လည်ထူထောင်ရေးကို အလျင်အမြန် လုပ်ဆောင်နေပြီး အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လျှပ်စစ်မီးနဲ့ အခြေခံပညာ ကျောင်းတွေကို ၉၅ ရာခိုင်နှုန်းလောက် ဖြည့်ဆည်းပေးနိုင်နေပြီလို့  NUG အစိုးရ ဝန်ကြီးတွေက ဒီဗွီဘီနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

NUG လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ လူထုကို လျှပ်မီးအပြည့်အဝပေးနိုင်ဖို့ master plan ထားရှိ လုပ်ဆောင်နေပြီး ထိမ်းချုပ်မှုအောက်က မြို့တွေနဲ့ ကျေးရွာတွေကိုတော့ လျှပ်စစ်မီး ၉၅ ရာခိုင်နှုန်းကျော် ဖြည့်ဆည်းထားတယ်လို့ NUG လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။

“ချက်ချင်းပေါ့နော် ကောလင်းလိုမြို့မျိုးကို သိမ်းလိုက်နိုင်ပြီဆိုတာနဲ့ သူ့အတွက်ကျနော်တို့က လျှပ်စစ်ဓာတ်အား ကောင်းကောင်းမွန်မွန်နဲ့ မြန်မြန်ပြန်ရအောင် ချက်ချင်း လုပ်ဆောင်ရတယ်။ အီဒီလို လုပ်ဆောင်လို့ အခု ၉၅ ရာခိုင်နှုန်းကျော် မီးပြန်ရပြီပေါ့နော်။ အကုန်လုံး ပုံမှန်အတိုင်း လည်ပတ်နေပြီ။ တခြား ကျေးရွာအဆင့်တွေမှာလည်း ကျနော်တို့ လိုက်လုပ်ပေးနေတာ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒါတွေကကျတော့ သက်ဆိုင်ရာ ဒေသတွေရဲ့ လုံခြုံမှုကြောင့် မပြောခဲ့တာပေါ့နော်။ ကောလင်းကျတော့ ကျနော်တို့က ပိုင်ပိုင်နိုင်နိုင်ရတာမို့ ထုတ်ပြောတာ ဖြစ်ပါတယ်။”

အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ နယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့ CDM ဝန်ထမ်းတွေ နိုင်ငံတကာက ပညာရှင်တွေနဲ့ ဒေသထဲက စေတနာ့ဝန်ထမ်းတွေပူးပေါင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လျှပ်စစ်မီး ပေးဝေနေတဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ လုံခြုံရေးအရ ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ နိုဝင်ဘာ ၆ ရက်မှာ NUG အစိုးရ ကြေညာခဲ့တာပါ။

ကြေညာအပြီး တလကျော် ကြာလာချိန်မှာတော့ ဘဏ်လုပ်ငန်းတွေ အပါအဝင် လျှပ်စစ်မီးနဲ့ အခြေခံပညာရေးတွေကိုပါ ပုံမှန်လည်ပတ်နေပြီဖြစ်တယ်လို့ ပြောဆိုလာတာပါ။ ကောလင်းမြို့မှာ အခြေခံကျောင်းတွေအပြင် အဆင့်မြင့် ပညာရေးတက္ကသိုလ်နဲ့ ကောလိပ်တွေအတွက်ပါ စီစဉ်နေပြီဖြစ်တယ်လို့ NUG ပညာရေးဝန်ကြီးဌာန ကနေ သိရပါတယ်။

“အခု အုပ်ချုပ်နယ်မြေတွေ သေချာလေးရှိလာပြီ။ နောက်တခု စကစက လက်လှမ်းမမီတဲ့ နေရာမျိုးတွေမှာ ကျနော်တို့ စီစဉ်နေတာရှိပါတယ်။ တချို့သင်ကြားရေးတွေ လုပ်နေတာလည်းရှိပါတယ်။ ဥပမာအားဖြင့် ကသုံးလုံး ခရိုင်ခေါ်တာပေါ့။ အဲဒီဒေသတွေကို ကျနော်တို့ ဝန်ကြီးဌာနက သွားပြီးတော့ စာရင်းကောက်တာတွေ အခြေအနေ စစ်ဆေးတာတွေရှိပါတယ်။ ကောလင်းကလည်း အခုဆို  ကျနော်တို့ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ကို ရောက်လာပြီဆိုတော့ စနစ်တကျ စာရင်းကောက်တာတွေ လုပ်နေပါတယ်။ ထပ်လည်းလုပ်မယ် ကောလင်းမှာဆို အခြေခံပညာကျောင်းတွေက အဓိက ဖြစ်မယ်ပေါ့။ ဒါပေမဲ့ အဆင်မြင့်တို့ သက်မွေးတို့လည်း ဘာလုပ်နိုင်မလဲဆိုတာ အချက်အလက်တွေ ကျနော်တို့ တချက်ကြည့်ရပါမယ်။”

ကောလင်းမြို့အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတွေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် အဆက်သွယ် မရှိသေးပါဘူး။

NUG လက်အောက်က ဖွင့်လှစ်ထားတဲ့ ကာလတို၊ ကာလရှည် သက်မွေးနဲ့ ပညာရပ်ဆိုင်ရာ ကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသားပေါင်း ၅၇၀၀၀ ကျော်ရှိနေပြီး လာမယ့်နှစ်မှာ အဆင်မြင့်ပညာတက္ကသိုလ်ကျောင်း ၁၆ ကျောင်းကနေလည်း ပထမနှစ်ပညာရေးကို စတင်ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013