DVB Logo
Home
မြန်မာသတင်း
DVB မှတ်တမ်းရုပ်ရှင်ကားတို ပြိုင်ပွဲဆုပေးပွဲကျင်းပ
DVB
·
December 21, 2023
DVB မှတ်တမ်းရုပ်ရှင်ကားတို ပြိုင်ပွဲဆုပေးပွဲကျင်းပ
Donate to DVB

DVB ရဲ့  ၂ဝ၂၃ ခုနှစ် မှတ်တမ်းရုပ်ရှင်ကားတို ပြိုင်ပွဲဆုပေးပွဲမှာ “My Notes to Spring”  မှတ်တမ်းရုပ်ရှင်နဲ့ “The Watchdog” မှတ်တမ်းရုပ်ရှင်တို့က ဒိုင်တွေပေးအပ်တဲ့ဆုနဲ့ ပရိသတ်တွေ ရွေးချယ်တဲ့ ဆုတွေ အသီးသီးရရှိသွားပါတယ်။

ဆုပေးပွဲကို ဒီဇင်ဘာ ၂ဝ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒိုင်တွေ ရွေးချယ်တဲ့ အကောင်းဆုံးဇာတ်ကားတိုဆုကို Zero ရိုက်ကူးတဲ့ “My Notes to Spring” က ရရှိသွားပါတယ်။ ပရိသတ်တွေ မဲပေးတဲ့ လူကြိုက်အများဆုံးဆုကိုတော့ အံ့မော်ဦး ရိုက်ကူးတဲ့ “The Watchdog” မှတ်တမ်းရုပ်ရှင်ကားတိုက  ရရှိပါတယ်။

ကိုအံ့မော်ဦးက “၂၀၂၂ ခုနှစ် ဧပြီလမှာ ကျနော်တို့ ဟန်ငြိမ်းဦးထဲမှာ ပါလာလို့ ကျနော်တို့  တခြား သတင်းသမားတွေလိုပဲပေါ့နော်။ သတင်းသမားတွေကို လိုက်လံဖမ်းဆီးတယ်ပေါ့နော် အာဏာသိမ်းစစ်တပ်ကနေပြီးတော့။ လိုက်လံဖမ်းဆီးပြီးတော့ ကျနော်တို့ လုံးဝ အကျပ်အတည်းကြားထဲမှာ ရောက်နေတဲ့အချိန်၊ ဖြတ်ကျော်နေရတဲ့ အခြေအနေပေါ့ အဲဒီအချိန်မှာ ဟန်ငြိမ်းဦးတို့ စစ်တပ်လက်အောက်ခံ တယ်လီဂရမ် ချန်နယ်တွေမှာ ပါလာပြီး ကျနော်လည်း ပြေးလာရတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျနော် ပြေးရတဲ့ညက ကျနော့်ကို မက်ဆေ့ချ်တွေ ပို့ထားတဲ့လူတွေ အများကြီးပဲ။ အဲဒီလူတွေအကြောင်း ကျနော် သိချင်တယ်။ သိချင်တော့ လိုက်စုံစမ်းရင်းနဲ့ စစ်ကောင်စီ တယ်လီဂရမ်တွေကို စောင့်ကြည့်တဲ့ အဖွဲ့တွေ ရှိတယ်ဆိုတာ ကျနော် သွားတွေ့တယ်။ အဲဒီအကြောင်းကို ကျနော် တော်တော်ရိုက်ချင်တယ်။ နဂိုကတည်းကလည်း အကြောင်းအရာလေး ထူးထူးဆန်းဆန်းတွေ့ရင် တင်ပြချင်တယ်။ အဲဒါကြောင့်မို့လို့ ကျနော် ပထမဦးဆုံး ကင်မရာပြန်ကိုင်ပြီးတော့ ဒီစတိုရီလေးကို စိတ်ဝင်စားစွာနဲ့ ရိုက်ကူးဖြစ်ခဲ့တယ်။ ပထမဆုံးရိုက်တဲ့ ကားမှာတင် ကျနော် ဆုရခဲ့တဲ့အတွက်ကြောင့်မို့လို့ နောက်ထပ် ထပ်ရိုက်ဖို့အတွက်ကို ကျနော့်အတွက် တွန်းအားတွေ အများကြီးရစေတယ်” လို့ ပြောပါတယ်။

မြန်မာပြည်တွင်းနဲ့ ပြည်ပက မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ၁ဝ ယောက်ရဲ့ မှတ်တမ်း ရုပ်ရှင်ဇာတ်ကား ၁ဝ ကားထဲကနေ အခုလို အကောင်းဆုံးဇာတ်ကားဆုနဲ့ လူကြိုက်အများဆုံးဆုတွေကို ရွေးချယ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို German Federal Foreign Office နဲ့ DW Academy တို့ရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။

ဒီဗွီဘီသတင်းဌာနရဲ့ ဗျူရိုအကြီးအကဲ ဒေါ်မွန်မွန်မြတ်က “ပထမဆုံးအနေနဲ့ DVB Short doc ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့  Documentary  Filmmaker တွေပေါ့နော်။ သူတို့အတွက် ကိုယ်စား အရမ်းကို ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်တဲ့ ရုပ်ရှင်ကားတွေ ရိုက်ပြနိုင်တယ်။ နောက်ပြီးတော့ အင်မတန်မှ ခက်ခဲတဲ့ မြန်မာပြည်ရဲ့ အမှောင်ခေတ် ကာလနဲ့ ပတ်သက်ပြီး အကောင်းဆုံးမှတ်တမ်းတင်နိုင်တယ်။ အဲတော့ ဒီ ၁၀ ကားက ဒီဗွီဘီ short doc အစီအစဉ်ဟာ ဆိုလို့ရှိရင် မြန်မာပြည်ရဲ့ အခြေအနေပေါ့နော် ဒီစစ်အုပ်ချုပ်ရေး ယန္တရားအောက်မှာ မြန်မာပြည်သူပြည်သားတွေ ဘယ်လောက် ခက်ခက်ခဲခဲရုန်းကန်နေရတယ်ဆိုတဲ့ အခြေအနေကို ကောင်းကောင်းကြီး ထင်ဟပ်ပြနိုင်တဲ့ မှတ်တမ်းတင်နိုင်တဲ့ အစီအစဉ်တခုဖြစ်လို့ အင်မတန်မှ အရေးပါတဲ့ အစီအစဉ်တခုဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

ဒီနှစ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့ လျှောက်လွှာတွေကို ပြီးခဲ့တဲ့ ဧပြီလမှာ စတင် ခေါ်ယူခဲ့တာဖြစ်ပြီး စုစုပေါင်း ဇာတ်လမ်းအကျဉ်းနဲ့အတူ လျှောက်ထားတဲ့ ဇာတ်လမ်းပေါင်း ၅၀ ဝန်းကျင်ထဲက ၁၀ ကားကို သီးခြားလွတ်လပ်တဲ့ ဒိုင်အဖွဲ့က ရွေးချယ်ခဲ့ကြတာပါ။

ဒီရွေးချယ်ခံရတဲ့ ၁၀ ကားအတွက် ဒီဗွီဘီက ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ်  ယူရိုငွေ ၃,၃၀၀ စီ ပံ့ပိုးပေးကာ ဖန်တီးယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် မှတ်တမ်းရုပ်ပြိုင်ပွဲအတွက် ဒိုင်အဖွဲ့မှာ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီးနိုင်ငံတကာ အတွေ့အကြုံသူတွေ ဖြစ်တဲ့ Ali Fowle၊ Turid Rogne နဲ့ ဒါရိုက်တာ ဏကြီးတို့က ပါဝင် ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ဇာတ်ကားတွေကို ဒီဇင်ဘာ ၆ ရက်ကနေ ၁၉ ရက်အထိ ပရိသတ်တွေအနေနဲ့ မိမိ ကြိုက်နှစ်သက်ရာ ၁ ကားကို အွန်လိုင်းကနေ မဲပေးရွေးချယ်ခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာပြည်က အရည်အသွေးရှိပြီး ထူးချွန်တဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတွေကို အားပေးထောက်ပံ့ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB အနေနဲ့  ဒီအစီအစဉ်ကို ပြုလုပ်တာ ဖြစ်ပါတယ်။

ဒီဗွီဘီအနေနဲ့ ၂ဝ၂၂ ခုနှစ်တုန်းကလည်း မှတ်တမ်းရုပ်ရှင်တိုပြိုင်ပွဲကို ပထမအကြိမ် ကျင်းပခဲ့ပြီး  အခု ၂ဝ၂၃ ခုနှစ်မှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။

ဖူးအိအိနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013