DVB Logo
Home
Lead Story
ပျော်ရွှင်ခြင်းအစား စိုးရိမ်ထိတ်လန့်နေရတဲ့ ခရစ္စမတ်
DVB
·
December 21, 2023
ပျော်ရွှင်ခြင်းအစား စိုးရိမ်ထိတ်လန့်နေရတဲ့ ခရစ္စမတ်
Donate to DVB

 

ခရစ္စမတ်ဆိုတာ လူသားတွေကို ကယ်တင်ဖို့ သခင်ယေရှုခရစ်တော် မွေးဖွားတဲ့ အထိမ်းအမှတ်အနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထား တန်ဖိုးထားတဲ့ နေ့ရက်ဖြစ်တာကြောင့် ပျော်ရွင်စွာကျင်းပလေ့ရှိတဲ့ ဘာသောရေး ပွဲတော်တစ်ခု ဖြစ်ပါတယ်။

နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့ရဲ့ အိမ်တွေ၊ လမ်းတွေ၊ ဘုရားကျောင်းတွေမှာ ခရစ္စမတ်အလှဆင်တာတွေ၊ ဝတ်ပြုကိုးကွယ်တာ၊ ကယ်ရိုသီချင်းတွေ လိုက်လံသီဆိုပြီး လူသားတွေကို ကယ်တင်ဖို့ သခင်ယေရှုမွေးဖွားလာတဲ့ သတင်းကောင်းကို အချင်းချင်း နှုတ်ဆက်လေ့ရှိ ကြပါတယ်။

ဒါအပြင်၊ ရပ်ကွက်အလိုက်၊ ရွာအလိုက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိကြ ဒီနှစ် မြန်မာပြည်မှာတော့ စစ်မီးတွေကြား ခရစ်မတ်အငွေ့အအသက်တွေ ပျောက်ဆုံးနေပြီး၊ ခရစ္စမတ်ပျော်ရွှင်မှုတွေအစား စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အစားထိုးလာခဲ့ပါတယ်။

၂၀၂၁ ခု စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြတဲ့လူထုတွေကို လက်နက်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကနေ စတင်လိုက်တဲ့ အကြမ်းဖက်မှုတွေကြောင့် တနိုင်ငံလုံး ဒေသအသီးသီးတွေမှာ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုတွေ စတင်လာခဲ့ပါတယ်။

လက်နက်တွေနဲ့တော်လှန်မှုတွေအနေနဲ့အတူ ကျေးရွာတွေမှာ စစ်ပွဲတွေဖြစ်လာခဲ့ပြီး စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ကြား စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ပွဲတွေဟာ တနေ့တခြား ကျယ်ပြန့်လာခဲ့ပါတယ်။

စစ်ပွဲတွေကြောင့် လူထုတွေဟာ သူတို့နေထိုင်ရာ ကျေးရွာတွေကနေ ရှောင်ခွာထွက်ပြေး တိမ်းရှောင်ရင်းနဲ့ သူတို့ရဲ့ရွာတွေ၊ သူတို့ရဲ့အိမ်တွေ၊ သူ့တို့ရဲ ဘုရားရှိခိုးကျောင်းတွေဟာ လက်နက်ကြီးကျည်ထိလို့ပျက်စီးရတာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးရတာရှိခဲ့ပြီး  ရွာတွေမှာရှိတဲ့ အိမ်တွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရ ပါတယ်။

အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်အများစုရှိနေကြတဲ့ ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တွေမှာ  စစ်မီးကြောင့် ဒီနှစ် ခရစ္စမတ်ဟာ ပျော်ရွှင်မှုတွေအစား စိုးရိမ်ပူပန်မှုတွေ  အစားထိုးဝင်လာခဲ့ ပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် ပြည်နယ်မြို့တော်လွိုင်ကော်မှာပါ စစ်ဖြစ်ပွားနေတာကြောင့် တပြည်နယ်လုံး  စစ်မဖြစ်တော့တဲ့ မြို့မရှိတော့ဘဲ ဒေသခံတွေဟာ လုံခြုံမယ်လို့ ယူဆရတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

တပြည်နယ်လုံး စစ်ရှောင်တွေဖြစ်ရသလို နေအိမ်တွေ၊ ဘုရားကျောင်းတွေ လက်နက်ကြီးထိလို့ ပျက်စီးသွားတာ၊ မီးလောင်သွားတာ၊ ပြည်သူတွေလက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတွေအပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေဟာလည်း နေ့စဉ် စစ်လေယာဉ်တွေ ပျံဝဲနေတာကြောင့်  ခရစ္စမတ်ဟာ အရင်လို ပျော်စရွှင်စရာမရှိတော့ဘဲ စိုးရိမ်မှုတွေနဲ့သာ ပြည့်နေတယ်လို့ စစ်ရှောင်အမျိုးသမီး လူဆီယာက ပြောပါတယ်။

“ခရစ္စမတ်လသာပြောတာ စိုးရိမ်ပူပန်မှုတွေနဲ့ပဲနေရတော့ ခရစ္စမတ်လကိုတောင်မှ မခံစားရ လိုက်ရဘူး။ ခရစ္စမတ်အစီစဉ်မပြောနဲ့ ခရစ္စမတ်ရဲ့ အငွေ့အသက်တောင်မှ မခံစားလိုက်ရဘူး ပေါ့နော်။ ပုံမှန်အားဖြစ် ညီမတို့ဘက် စစ်ရှောင်တွေက ခရစ္စမတ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပချင်ကြတယ်။ ခရစ္စမတ်အချိန်မှာပဲ ပျော်ကြတယ်ပေါ့လေ။ ဒါပေမဲ့ အခုကာလ အခြေအနေနဲ့ အခါကျတော့ မပျော်ရွှင်ရတဲ့အပြင် လေယာဉ်ဝဲတဲ့အတွက် စိတ်ပူပင်မှုတွေများပြီး နေ့ဘက်ကော၊ ညဘက်ကော စိုးရိမ်ပူပန်မှုတွေနဲ့ပဲ နေနေရတယ်။ အဲဒါကြောင့် ခရစ္စမတ်အချိန်ခါကို မေ့ထားရတဲ့အခြေအနေ ဖြစ်ရတော့ စိတ်မကောင်းဘူးပေါ့လေ။ ဒါပေမဲ့ နောက်နှစ်တွေမှပဲ ပျော်ပျော်ကျင်းပတော့မယ် မျှော်လင့်ချက်တွေနဲ့ပဲ နေနေကြရတာပေါ့။”

လွိုင်ကော်မြို့တိုက်ပွဲတွေကြောင့် မြို့ကနေ ထွက်ခွာပြီး တောင်ကြီး အေးသာယာစက်မှုဇုန်ဘက် စစ်ရှောင်သွားတဲ့ ကလေးငယ်မိခင် ဝါးဝါးဖိုးကတော့ ဒီနှစ်ဟာ ခရစ္စမတ်ဆိုတာ လုံးဝမသိရတော့ဘူးလို့ ပြောပါတယ်။  

“ဒီနှစ်တော့ ခရစ္စမတ် ဆိုတာလည်း လုံးဝကို မသိရတော့ဘူး။ တချို့တွေလည်း ဒီစက်မှုဇုန်ဘက် စစ်ရှောင်တွေ၊ ကွက်ကျားတော့ရှိတယ်။  ကိုယ့်ဘာသာပဲ တိတ်တိတ်ဆိတ်ဆိတ် နေကြတာ များတယ်။ အရင်နှစ်က လွိုင်ကော်မှာ အခြေနေလေး ပြန်ကောင်းတော့ ဘုရားကျောင်းသွားရ ခရစ္စမတ်ဝတ်ပြုဆုတောင်းရင်း မနက်စာလည်း ချက်ပြုတ်စားကြ ခရစ္စမတ်ဆိုတဲ့ ကာလအချိန်ကိုတော့ ဖြတ်သန်းရသေးတယ်။ ဒီဘက်လာနေတော့ အသိတွေလည်းသိပ်မရှိဘူး။ ဘာမှမသိတော့ဘူး။”

ဒီလိုစစ်ရှောင်နေရင်း တဘက်မှာလည်း အလုပ်ကိုင်မရှိဝင်ငွေမရှိသလို ဘယ်သူ့ဆီကမှ အကူအညီမရတာကြောင့်လည်း မိသားစုစားဝတ်နေရေးအတွက် ခက်ခဲရတဲ့အတွက်လည်း စိုးရိမ်ပူပန်မှုတွေ ပိုများရတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ခရစ္စမတ်တွေတုန်းကတော့ မိသားစုတွေ အားလုံးစုရုံးပြီး ဝတ်ပြုဆုတောင်း စားသောက်ကြသလို ကိုယ်စီလက်ဆောင်တွေပြင်ဆင်ကာ  ခရစ္စမတ်လက်ဆောင်‌တွေ လိုက်လံဝေပေးလေ့ရှိခဲ့ပေမဲ့  ခုတော့ လူမစုံတော့တဲ့ ခရစ္စမတ် ဖြစ်နေပြီလို့  ဆရာငါးရယ်ထမ်းက ပြောပါတယ်။

“လူမစုံတော့တဲ့ ခရစ္စမတ်ဖြစ်နေတာ အရင်အချိန်ကို ပြန်သတိရပါတယ်။”

တိုက်ပွဲတွေအတွင်း ဗုံးကြဲခံရတာ၊ လက်နက်ကြီးထိမှန်တာကြောင့် ကယားပြည်နယ်က ကက်သလစ်ဘုရားကျောင်း ၁၂ ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရတော့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ  ၂ဝ၂၃ ခုနစ် အောက်တိုဘာ ၃၁ ရက်အထိ  ကရင်နီ (ကယား) ပြည်နယ်မှာ ဘာသာရေးအဆောက်အဦပေါင်း ၄၃ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆရာငါးရယ်ထမ်းနဲ့ စစ်ရှောင်အမျိုးသမီး လူဆီယာတို့ အပါအဝင် ကရင်နီပြည်က ခရစ်ယာန်ဘာသာဝင်တွေကတော့ မဝေးတော့တဲ့ အနာဂတ်မှာ ပျက်စီးဆုံးရှုံးသွားခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို အသစ်ပြန်လည်ပြင်ဆင်တည်ဆောက်ပြီး  ခရစ္စမတ်အခါသမယကို မိသားစု ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်ငြိမ်းချမ်းစွာ ပြန်လည်ဖြတ်သန်းခွင့်ရမယ့် နေ့တွေကို ယုံကြည် မျှော်လင့်ရင်း။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013