DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်၌ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့၊ အိမ်ခြေ ၁၀၀ ကျော် လောင်ကျွမ်း
DVB
·
December 21, 2023
မြိုင်မြို့နယ်၌ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့၊ အိမ်ခြေ ၁၀၀ ကျော် လောင်ကျွမ်း
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်နဲ့ ၂၀ ရက်တွေမှာ  ရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၀၀ ကျော်လောက် မီးလောင်ကျွမ်းခဲ့ကာ မီးဘေးသင့်ပြည်သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေနဲ့ ပကဖ အဖွဲ့တွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာကို ဒီဇင်ဘာ ၂၀ ရက် မနက် ၈ နာရီလောက်မှာ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၅၀ ကျော်လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ နှမ်းဆီကန်ကျေးရွာသားက ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ တွင်းမကျေးရွာဘက်ကို ရောက်တယ်လို့ သတင်းကြားကတည်းက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရာ ဒီဇင်ဘာ ၁၉ ရက်မှာ နှမ်းဆီကန်ကျေးရွာကို ဝင်ရောက်ပြီး ၂၀ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။

“ထွက်ပြေးတိမ်းရှောင်တဲ့အခါမှာလည်း သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အဆင်မပြေဘူးဗျ။ ရှိုထဲ၊ ချောက်ထဲတွေက သစ်ပင်အောက်တွေမှာ ပုန်းအောင်းနေရပြီး နှင်းစိုဘာစိုနဲ့ စားရေးသောက်ရေးတွေလည်း ခက်ခဲနေကြတယ်။ ကျနော်တို့ ဒီဘက်ကအိမ်တွေ ဆိုတာမျိုးက ထီပေါက်လို့ ချဲပေါက်လို့ ဆောက်ထားရတာမျိုး မဟုတ်ဘူး။ မိသားစုဝင်တွေ လေးငါးဆယ်နှစ် စုပြီးတော့မှ ဆောက်ထားရတာကို ဖျက်ဆီးခံလိုက်ရတော့ စိတ်မကောင်းဖြစ်တာထက်ကို ပိုပါတယ်။ တချို့ဆိုရင် ငိုယိုကြတာပေါ့။”

မြိုင်မြို့နယ်၊ သာစည်ကျေးရွာကိုတော့ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၅၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့လို့ ၃၅ လုံး ပြာကျခဲ့ရတယ်လို့ သာစည်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

ပြည်သူတဦးမှာဆိုရင် မြေပဲတင်း ၁၀၀ လောက်၊ ဆိတ် ၉ ကောင်နဲ့ အဖိုးတန်ပစ္စည်းတွေ တော်တော်များများ ပါသွားတယ်လို့ ဆိုပါတယ်။

“စစ်(...)အင်အားကတော့ ၂၀၀ ပတ်ဝန်းကျင်လောက် ပါတယ်လို့ သတင်းရပြီး ရွာအရှေ့ဘက်ကနေ ပတ်ဝင်တဲ့အချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ကြခတ်ကြပြီး သူတို့က မြောက်ဘက်ကနေဝိုက်ပြီး ရွာထဲကိုဝင်ရောက်ကာ မီးရှို့ ဖျက်ဆီးခဲ့ကြတာ။”

ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ တဲတွေရှိတာတောင် တဲတွေထဲမှာ မနေရဲကြဘဲ တောထဲမှာပဲ မိုးကာခင်းပြီး အအေးတွေကြားထဲမှာ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နောက်နေ့မှာလည်း Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပေမဲ့ ပြည်သူတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေအနေနဲ့ ဆန်နဲ့ စားနပ်ရိက္ခာတွေ မီးလောင်ဆုံးရှုံးခဲ့ရပြီး စားနပ်ရိက္ခာ၊ စောင်နဲ့ အမိုးအကာတွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ် ပကဖ အနေနဲ့တော့ မီးဘေးသင့်ပြည်သူတွေအတွက် သစ်တွေ ဝါးတွေ ခုတ်တာတွေ၊ ဝယ်တာတွေ ပြုလုပ်နေပြီး လေးငါးရက်အတွင်းမှာ ပို့ပေးနိုင်အောင် စီစဥ်နေတယ်လို့ မြိုင်မြို့နယ် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းကို မြိုင်ပကဖက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးကြတာဖြစ်ပြီး နှမ်းဆီကန်ကျေးရွာက နေအိမ် ၄၉ လုံးနဲ့ သာစည်ကျေးရွာက နေအိမ် ၅၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ သာစည်ကျေးရွာက နေအိမ်တွေကိုတော့ ပကဖရဲဘော်တွေက ရှင်းလင်းရေးတွေ လုပ်ဆောင်ပေးထားပြီး နှမ်းဆီကန်ရွာက နေအိမ်တွေကိုတော့ ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ နယ်မြေရှင်းလင်းရေးပြုလုပ်ပြီး သန့်ရှင်းရေးတွေ လုပ်ဆောင်ပေးဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းမှာ PDF စိုးမိုးနယ်မြေတွေ များပြားလာပြီး စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ မီးရှို့ဖျက်ဆီးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013