DVB Logo
Home
မြန်မာသတင်း
မန္တလေးနန်းတွင်းရှိ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရ
DVB
·
December 21, 2023
မန္တလေးနန်းတွင်းရှိ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရ
Donate to DVB

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာ မန္တလေးနန်းတွင်းထဲကို ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်းက တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် ယူဂျီအဖွဲ့  No More Dictatorship People Defence Force – NMD ထံက သိရပါတယ်။

ဒီမနက် ၂ နာရီခွဲက စစ်အုပ်စုရဲ့ အဓိကအားထားရာ နောက်ဆုံးခံတပ်၊ စစ်ကောင်စီရဲ့ အလုံခြုံဆုံးနေရာလို့ ယူဆထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးနန်းတွင်း ကျုံးအတွင်းကို တာဝေးပစ် ၁၀၇ မမ ၆ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ NMD က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ ၁၀၇ မမ  တာဝေးပစ်လက်နက်ကြီး ၆ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး တလုံးကတော့ error ဖြစ်သွားတယ်လို့ NMD ရဲ့ တာဝန်ခံက ပြောပါတယ်။

အခုတိုက်ခိုက်မှုဟာ အပူချိန်တွေ၊ လေတိုက်နှုန်းတွေ အပါအဝင် တိကျတဲ့နည်းလမ်းတွေနဲ့ ပစ်မှတ်ကို တိကျအောင် တိုက်ခိုက်နိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို မသိရပေမဲ့ တိုက်ခိုက်မှုအပြီးမှာ နန်းတွင်းထဲကို လူနာတင်ယာဉ် အမြောက်အမြား ဝင်သွားတယ်လို့လည်း မန္တလေးမြို့ခံတွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors For Myanmar (BWM) ရဲ့ ကူညီပံ့ပိုးမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး (U.S.O) နဲ့အတူ “No More Dictatorship People Defence Force_ NMD”၊ Security & Special Task Force (SSTF-MDY)၊ ပြင်ဦးလွင်ခရိုင်ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

NMD တာဝန်ခံ ချာလီက “ကျနော်တို့ PDF တွေက၊ ကျနော်တို့ လူငယ်တွေပေါ့ နိုင်ငံရဲ့ အရင်းအမြစ်တွေဖြစ်တဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ကျနော်တို့အနေနဲ့ အိမ်ကထွက်လာတယ်၊ တော်လှန်ရေးလုပ်တယ် ဆိုကတည်းက အရမ်းကာရော လုပ်ခဲ့တာ မဟုတ်ဘူး။ ကျနော်တို့ အမှန်တရားက ဘာလဲ၊ ဒါတွေ သိနားလည်ပြီးတဲ့အခါမှ ကျနော်တို့ လုပ်ခဲ့တာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့ ကျနော်တို့ရဲ့ ယုံကြည်ချက်တွေ၊ ကျနော်တို့ရဲ့ ခံယူချက်တွေ၊ ကျနော်တို့ရဲ့ ပန်းတိုင်တွေက ခိုင်မာပြီးသား ဖြစ်တယ်ပေါ့နော်။ အဲ့ဒီအတွက် ကျနော်တို့အနေနဲ့က ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဒီ စကစဘက်ကလည်း အမြန်ဆုံး အမြင်မှန်ရပြီးတော့ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြို့ပြတိုက်ပွဲအရှိန်တွေ မြှင့်တင်နေပြီဖြစ်တဲ့အတွက် စစ်အုပ်စုနဲ့ နီးကပ်တဲ့နေရာတွေ၊ စစ်အုပ်စုအခြေစိုက်ရာ ကျုံးနံဘေးပတ်ပတ်လည်မှာ လမ်းလျှောက် အပန်းဖြေတာတွေ၊ စစ်အုပ်စုလက်အောက်ခံ ရုံးတွေအနီး သွားလာတာတွေ ရှောင်ကြဉ်ကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

စစ်အုပ်စုဘက်ကတော့ ပြည်သူတွေကို စစ်ဆေးမှုတင်းကျပ်တာ၊ နေအိမ်တွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ၊ လမ်း‌မပေါ်က ယာဉ်တွေကို ငွေညှစ်တောင်းခံတာတွေ လုပ်ဆောင်နေပြီး ဒီဇင်ဘာ ၂၀ ရက် ညဦးပိုင်းကလည်း ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013