DVB Logo
Home
မြန်မာသတင်း
ဒလတွင် ဝါယာရှော့ဖြစ်ပြီးမီးလောင်၊ နေအိမ် ၇ လုံး ပျက်စီး
DVB
·
December 20, 2023
ဒလတွင် ဝါယာရှော့ဖြစ်ပြီးမီးလောင်၊ နေအိမ် ၇ လုံး ပျက်စီး
Donate to DVB

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ချယ်ရီလမ်းမှာ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ဝါယာကြိုးရှော့ဖြစ်ပြီး နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒလမြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မီးလောင်မှုကို ညနေ ၃ နာရီလောက်မှာ သိရှိခဲ့တာကြောင့် ဒလမြို့နယ်မီးသတ်၊ ကြက်ခြေနီအသင်းနဲ့ အရပ်ဘက်အသင်းတွေ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။

ဒလမြို့ခံတဦးက “မီးစလောင်တဲ့အိမ်က လူတွေက ဈေးရောင်းသွားနေတာ။ လူမရှိနေတုန်း လောင်ကြတာပါ။ အိမ်တွေကတော့ အကုန်လောင်တာပဲ။ မီးသတ်ကရော၊ ရပ်ကွက်ကရော ဝိုင်းငြှိမ်းလို့ ရေနိုင်သွားတာ” လို့ ပြောပါတယ်။

မီးလောင်မှုဟာ ‌တထပ်အိမ်တခုရဲ့ အိမ်တွင်းသွယ်တန်းထားတဲ့ မီးကြိုးကနေ ဝါယာရှော့ဖြစ်ကာ စတင်ခဲ့တာဖြစ်ပြီး ဘေးနားကအိမ်တွေပါ ဆက်တိုက်ကူးစက်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအသင်းဝင်တဦးက “လူထိခိုက်မှုတော့ မရှိပါဘူး။ လောင်တာက သွပ်မိုးအိမ်လေးတွေပါ။ ဝါယာရှော့ဖြစ်တာလို့ ပြောတယ်။ ဒီအိမ်တွေက မိသားစုတွေကိုတော့ လောလောဆယ် ရပ်ကွပ်ဓမ္မာရုံမှာပဲ နေရာချထားပေးပါတယ်” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း တထပ်အိမ် ၇ လုံးနဲ့ နေအိမ်သုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားပြီး မီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။

နေအိမ် ၇ လုံးရဲ့ ပျက်စီးမှုတန်ဖိုးကို ဒလမြို့နယ်မီးသတ်က ကျပ် ၉ သိန်းသာ သတ်မှတ်တွက်ချက်ပေးထားတယ်လို့ သိရပြီး မီးလောင်မှုစတင်တဲ့ အိမ်ပိုင်ရှင် အမျိုးသားကို မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ ဒလရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒလမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာ မီးငြှိမ်းသတ်အဖွဲ့၊ အရပ်ဘက်အသင်းတို့က ရေသယ်ယာဉ် ၂ စီး၊ မီးသတ်ကား ၃ စီးနဲ့ ငြှိမ်းသတ်ခဲ့ကြတာကြောင့် ညနေ ၃ နာရီ ၁၀ မိနစ်လောက်မှာ မီးထိန်းနိုင်ကာ ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013