DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ လူကုန်ကူးခံရမှု ပိုများလာ
DVB
·
December 20, 2023
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ လူကုန်ကူးခံရမှု ပိုများလာ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အနေနဲ့ ရိက္ခာငွေတွေ လျှော့ချခံလိုက်ရလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကာ လူကုန်ကူးခံရသူ ပိုမိုများပြားလာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကနေ သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေလည်း နည်းပါးသွားသလို အသွားအလာတွေလည်း ကန့်သတ်ခံထားရကာ နေရပ်ပြန်ဖို့လည်း စီစဥ်မပေးတာကြောင့် အလုပ်လက်မဲ့တွေဖြစ်ပြီး လူကုန်ကူးခံရသူတွေ များပြားလာတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Block ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာ အမျိုးသမီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ရိုဟင်ဂျာပြည်သူတွေအနေနဲ့ ပညာတတ်တဲ့သူ နည်းပါးပြီး ၁၀ တန်းအောင်တဲ့ သူတွေလောက်သာ အလုပ်ရရှိကာ အလုပ်အကိုင် အခွင့်လမ်းတွေ ရှားပါးနေပြီး ရရှိတဲ့ ရိက္ခာတွေကိုပဲ လုံလောက်အောင် ဒုက္ခခံပြီး စားသောက်နေကြရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ အမျိုးသမီးတယောက်က “ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ကတော့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနဲ့ ဖျားနာရောဂါတွေ အတွက်သာ ဆေးဝါးကုသပေးတာ ရှိပေမဲ့ အသားဝါရောဂါနဲ့ ကင်ဆာရောဂါတွေအတွက် ဒီမှာ ဆေးမရှိတော့ဘူး။ အဲဒါကြောင့် ရိုဟင်ဂျာပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရကာ MSF အဖွဲ့ကလည်း အသက် ၆၀ ကျော်အရွယ်တွေကိုသာ ဆေးဝါးထောက်ပံ့ပေးတာရှိပြီး ၆၀ မကျော်ရင် မထောက်ပံ့ဘူး” လို့  ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို အရင်က စားနပ်ရိက္ခာအတွက် တယောက်ကို ၁၂ ဒေါ်လာလောက် ထောက်ပံ့ရာကနေ ပြီးခဲ့တဲ့ ၆ လလောက်ကတည်းက ၈ ဒေါ်လာအထိ လျှော့ချပစ်လို့ စားဝတ်နေရေးတွေ အခက်ကြုံနေကြရပြီး လူကုန်ကူးသူတွေလည်း များပြားလာတယ်လို့ ရိုဟင်ဂျာအမျိုးသားတယောက်က ပြောပါတယ်။

ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအဖွဲ့အစည်း တခုက ရိုဟင်ဂျာတွေအတွက်   ၈ ဒေါ်လာကနေ ၁၀ ဒေါ်လာအထိ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်ထွက်လာတာကြောင့် အရင်ထက်စာရင်တော့ နည်းနည်းလောက် အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။

“ဒီမှာကျတော့ လူကုန်ကူးမှုတွေ ဖြစ်နေတယ်။ အဲဒီလူကုန်ကူးမှုတွေက လျော့လာတာ မရှိပါဘူး။ ဒီတလအတွင်းမှာ ဘုတ် ၇ စီးလောက် အင်ဒိုနီးရှားနိုင်ငံကို ထွက်သွားတာ ရှိတယ်။ ဒီတရက် နှစ်ရက်အတွင်းမှာလည်း နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ စီစဥ်နေကြတာရှိတယ်။”

ကျောင်းသူကျောင်းသားတွေအနေနဲ့ ပညာသင်ကြားခွင့်မရလို့ ကျောင်းကနေထွက်ပြီး အလုပ်လုပ်ကိုင်နေကြရကာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှားပါးလာတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်နိုင်ဖို့ အစီအစဥ်လုပ်နေတာ ရှိသလို ဘင်္ဂလားဒေ့နိုင်ငံကလည်း ပြန်လည်ပို့ပေးဖို့ စီစဥ်နေတာရှိတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ အဲဒီကို သွားဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ကုတုပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာအမျိုးသားတဦးက “ကျနော်တို့ ရိုဟင်ဂျာတွေအနေနဲ့ ကိုယ့်နေရပ်ကို ပြန်နိုင်မှသာ နေရပ်ပြန်တယ်လို့ ခေါ်ဆိုနိုင်မှာဖြစ်ပြီး သူတို့စီစဥ်နေတာက ဒီမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ နောက်ထပ် မြန်မာနိုင်ငံက ဒုက္ခသည်စခန်းကို ပြန်ပို့ဖို့ စီစဥ်နေတာဖြစ်တာကြောင့် နေရပ်ပြန်တယ်လို့ မခေါ်ဆိုနိုင်ပါဘူး။ ကျနော်တို့ဟာ ၂၀၁၇ ခုနှစ်ကတည်းက နေရပ်စွန့်ခွာလာခဲ့တာ ၇ နှစ်လောက် ကြာနေပြီဖြစ်လို့ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပေမဲ့ အခြေအနေတွေ ပြောင်းလဲလာတာ မရှိတဲ့အတွက် စိုးရိမ်နေကြရတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ကမ္ဘာ့ခုံရုံးတွေမှာ တရားစွဲဆိုဖို့ လုပ်ဆောင်နေတာတွေကို ထောက်ပံ့ပေးကြဖို့ မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမတွေကို တောင်းဆိုချင်ပါတယ်” လို့ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ကပ္ပလီပင်လယ်ပြင်ကို စစ်လှေတွေနဲ့ စွန့်စားဖြတ်ကူးမှုတွေ ပိုမိုများပြားလာကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က  ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အရှေ့တောင်အာရှ ရေလမ်းခရီးဟာ ကမ္ဘာ့အဆိုးရွားဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူပေါင်း ၁၉၀၀ ကျော်ရှိခဲ့ပြီလို့ အဲဒီ ထုတ်ပြန်ချက်ကဆိုပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ်က ဖြတ်ကူးမှုတွေနဲ့ယှဉ်ရင် ၆ ဆ ပိုများတဲ့အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းကနေ ၂၀၁၇ ခုနှစ်မတိုင်ခင်က ရိုဟင်ဂျာ ၂၀၀,၀၀၀ လောက်နဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာ ၈၀၀,၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ခိုလှုံနေကြရတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013