
ဘယ်လာရုစ်နိုင်ငံ The Voice အဆိုပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ အဆိုတော်မိန်းကလေးကို မြန်မာနိုင်ငံထဲက ကျားဖြန့်ဂိုဏ်းတွေက လူကုန်ကူးသတ်ဖြတ်လိုက်တဲ့အမှုနဲ့ ဆက်စပ်ပါဝင်သူ မြန်မာနိုင်ငံသား ၅ ယောက်ကို အောက်တိုဘာ ၁ ရက်မှာ ထောင်ဒဏ် ၂၁ နှစ်စီ ကျခံဖို့ အမိန့်ချမှတ်လိုက်ပြီး တာဂျစ်ကစ္စတန် နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်တယ် လို့ အောက်တိုဘာ ၆ ရက် ဒီနေ့ထုတ် စစ်အာဏာရှင်လက်အောက်ခံသတင်းစာမှာ ဖော်ပြပါတယ်။
အဆိုတော်မိန်းကလေးကို ငွေကြေးနဲ့ ဖြားယောင်းမက်လုံးပေး ခေါ်ဆောင်မှုမှာ ပါဝင်သူ ကျော်သူ (ခ) စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း (ခ) ကိုရဲ၊ ညီညီသက်နဲ့ မနန်းပေါင်းဟွမ်း (ခ) ဆိုဖီယာ(ခ) Li Li (ခ) ကျင်းကျင်းတို့ကို ရန်ကုန်အမှတ် ၆ မှုခင်းတပ်ဖွဲ့က တရားလို ပြုလုပ်ပြီး တိုင်ခဲ့တာပါ။
သူတို့ကို အောက်တိုဘာ ၁ ရက်မှာ လူကုန်တား ဥပဒေပုဒ်မ ၃၈ က အရ အလုပ်နဲ့ ထောင်ဒဏ် ၂၁ နှစ်စီ မင်္ဂလာဒုံခရိုင်တရားရုံးက ချမှတ်လိုက်တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ဘယ်လာရုစ်နိုင်ငံသူ အဆိုတော်ကို အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းဆီ ပို့ဆောင်ပြီး အဓမ္မ အလုပ်ခိုင်းစေ လုပ်အားခခေါင်းပုံဖြတ်ရာမှာ ပါဝင်သူ မျိုးဇော်လင်း၊ ဝသုန်အောင် (ခ) ဝသုန်၊ ရန်ပိုင်စိုး (ခ) အငယ်လေး၊ တာဂျစ်ကစ္စတန်နိုင်ငံသား MUKAIR SHOEV RUSTAM နဲ့ ODINAEN ALIJON တို့ ၅ ယောက်ကိုတော့ ဖမ်းမမိသေးတာကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် ခရက်ဆိုဗာဟာ ဘယ်လာရုစ် The Voice သီချင်းဆို ပြိုင်ပွဲဝင်ဟောင်းတယောက်ဖြစ်ပြီး ၂၀၂၅ နှစ်၊ စက်တင်ဘာလအတွင်း မော်ဒယ်လ်လုပ်ငန်း လုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့ပြီး ထိုင်းကနေတဆင့် မြန်မာနိုင်ငံထဲက ကျားဖြန့်လုပ်ငန်းတွေဆီ လိမ်လည်ခေါ်ဆောင်တာကို ခံခဲ့ရတာပါ။
သူဟာ ကျားဖြန့်လုပ်ငန်းတွေရဲ့ Dating ဝက်ဘ်ဆိုက်တွေမှာ အကောင့်အတုတွေနဲ့ ငွေလိမ်ဖို့ အဓမ္မ ခိုင်းစေခံရပြီး ပြန်လွှတ်နိုင်ဖို့ သူမိဘတွေဆီက ဒေါ်လာ ၅ သိန်း တောင်းခံရတယ်လို့ ရုရှားသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာပထမပတ်မှာတော့ ကျားဖြန့်ခေါင်းဆောင်တွေက သူ့ကို သတ်ဖြတ် မီးရှို့ပစ်လိုက်ပြီလို့ မိဘတွေဆီ အကြောင်းကြားခဲ့ပါတယ်။
သတ်ဖြတ်ခံရပြီးနောက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို မှောင်ခိုရောင်းချဖို့ ထုတ်ယူခံရတဲ့ သတင်းတွေ ထွက်လာတယ်လို့လည်း ရုရှားနဲ့ ဘယ်လာရုစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ရဲတွေက စုံစမ်းဖမ်းဆီးရမိပုံနဲ့ တရားခံတွေရဲ့ ထွက်ဆိုဝန်ခံချက်တွေကိုတော့ စစ်အာဏာရှင်လက်အောက်ခံသတင်းစာမှာ မဖော်ပြထားပါဘူး။
Source: MOI










