DVB Logo
Home
မြန်မာသတင်း
ကသာ၊ ပလက်ဝနှင့် ကျောက်တံခါးတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရ 
DVB
·
December 20, 2023
ကသာ၊ ပလက်ဝနှင့် ကျောက်တံခါးတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရ 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကပလိပ်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၀ ရက် မနက် ၈ နာရီ မိနစ် ၄၀ က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၁၇ နှစ်အရွယ်  လူငယ်တဦး ထိခိုက်သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က ကသာမြို့အတွင်းက ကျောက်တိုင်ကွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံရွာသားတဦးက “ပစ်တာကတော့ အချက်ရေ ၁၅ ချက်လောက်အထိ ရှိတယ်ဗျ။ ဘာကြောင့်ပစ်တာလဲဆိုတော့ မြေပြင်မှာ ပြည်သူ့ကာကွယ်‌‌ရေးနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတော့ ခဏဖြစ်ကြသေးတယ်။ နှစ်ဖက်အကျအဆုံးတော့ ကျနော်တို့ ဒေသခံတွေ မသိရဘူး။ ဒီနေ့မနက်ကြတော့ စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျနော်တို့ ကပလိပ်ရွာက အသက် ၁၇ နှစ် ပြည်သူတဦး ထိခိုက်သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူကတော့ ကိုထွန်းလင်းအောင်ဖြစ်ပြီး  ဒဏ်ရာပြင်းထန်ရလို့ ကသာဆေးရုံမှာ တက်ရောက်  ဆေးကုသခံနေရင်း သေဆုံးခဲ့တာဖြစ်ကြောင်းနဲ့  ကျန်သုံးဦးကတော့ ဒဏ်ရာ မစိုးရိမ်ရဘူးလို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၉ ရက်ကတည်းက ရှမ်းနီအဖွဲ့နဲ့ပူးပေါင်းပြီး မင်္ဂလာသုခရွာ ( ခ) နကူးရွာကို ပစ်ခတ်ဝင်ရာက်ခဲ့ပြီး ကသာမြို့နယ်၊ မြို့မတိုက်နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့လို့ ၂ ဦးသေဆုံးပြီး တဦး ထွက်ပြေးလွတ်မြောက်ခဲ့သလို နကူးရွာက ပြည်သူနေအိမ် ၄ လုံးလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ထဲမှာ ဒီဇင်ဘာ ၁၉ ရက် မနက် ၁ နာရီလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပလက်ဝမြို့ မြို့မရပ်ကွက် အထက-၁ ကျောင်း အဝင်ပေါက်အနီးက ရေကန်ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးစထိမှန်တာကြောင့်  မြို့မရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ညဦးပိုင်းကတည်းက ပလက်ဝမြို့ပေါ်က ခလရ-၂၈၄ တပ်ရင်းနဲ့ အဘောင်သားရွာက အေအေ စခန်းကုန်းတို့ အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပလက်ဝမြို့ခံတဦးက “ရဲစခန်းနဲ့ ပလက်ဝ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ကြားပေါ့နော်၊ အဲ့ဒီရေကန်ထဲကျတာ။ အိမ်တလုံးတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်။ အမျိုးသမီး ၃ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေက လောလောဆယ် မြို့မဆေးရုံမှာ ဆေးကုနေတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ပလက်ဝမြို့ ဆေးရုံဝင်းထဲက ဝန်ထမ်းအိမ်ရာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပဲခူးတိုင်း‌၊ ကျောက်တံခါးမြို့နယ်မှာလည်း သူဌေးကုန်းကျေးရွာထဲက လူနေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ သားအမိနှစ်ယောက် သေဆုံးပြီး ကလေးတယောက်  ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီလောက်က ကျောက်တံခါးမြို့နယ် ဘာဘူကုန်းကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သူဌေးကုန်းကျေးရွာ အရှေ့ပိုင်းနေ ဒေါ်ညိုရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

အိမ်နီးချင်းတဦးက “လက်နက်ကြီးက သူတို့အိမ်ပေါ် တည့်တည့်ကြီးကျတာ။ ပြေးချိန် ရှောင်ချိန်လည်းမရ၊ အိမ်ထဲရှိနေတဲ့သူတွေ အကုန်ထိသွားကြတာ။ အမေဖြစ်သူက ပွဲချင်းပြီးဆုံးတာ၊ သမီးလေးက ဆေးရုံရောက်မှ ဆုံးတာ၊ တရွာလုံးလည်း နေ့နေ့ညည ထိတ်လန့်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်နက်ကြီးကျည် ထိမှန်တာကြောင့် အသက် ၆၅ နှစ်အရွယ် အိမ်ရှင် ဒေါ်ညိုနဲ့ သမီးဖြစ်သူတို့ သေဆုံးခဲ့ပြီး မြေးဖြစ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ်မှာ ဒဏ်ရာရရှိခဲ့လို့ ကျောက်တံခါးဆေးရုံကိုပို့ပြီး ကုသနေရတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း ညောင်လေးပင်မြို့နယ်ထဲရှိ ခလရ ၂၆၄ တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျောက်တံခါးမြို့နယ်၊ အလှိုင်ကျေးရွာထဲကိုကျခဲ့ပြီး အမျိုးသားတဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013