DVB Logo
Home
မြန်မာသတင်း
ရာထူးတာဝန်ဆက်လက်ထမ်းဆောင်နိုင်ရေး အခြေအနေကောင်းဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော
သုတချမ်းသာ
·
September 20, 2026
ရာထူးတာဝန်ဆက်လက်ထမ်းဆောင်နိုင်ရေး အခြေအနေကောင်းဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော
1 / 11
Photo: သုတချမ်းသာ
Donate to DVB

ကုလသမဂ္ဂမှာ ၆ နှစ်မြောက် ရာထူးတာဝန်ဆက်ထမ်းဆောင်နိုင်ရေး အခြေအနေကောင်းတွေ ဆက်ရှိနေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဒေသစံတော်ချိန် စက်တင်ဘာ ၁၉ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်အနီးမှာလုပ်တဲ့ ထောက်ခံပွဲမှာ ပြောပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းက “ပြီးခဲ့တဲ့ ၅ နှစ် အတွေ့အကြုံအပေါ် အခြေပြုပြီးတော့ အခုလိုမျိုး ကာလတွေမှာ မေးမြန်းသိရှိရတဲ့အချက်တွေအပေါ် အခြေပြုပြီးတော့ ကျနော်ပြောလို့ရတာကတော့ အခုလာမဲ့နှစ်လည်း အရင်နှစ်တွေကအတိုင်း ဆက်ရှိနေမယ်ဆိုတာလေးတော့ ကျနော်တို့ အကြမ်းဖျင်း သိရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရည်အချင်းစိစစ်ရေးကော်မတီက နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ ပုံမှန်အစည်းအဝေးလုပ်တယ်။ အဲဒီအစည်းအဝေးလုပ်ပြီးရင် အရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံရဲ့ မျက်နှာစုံညီ အစည်းအဝေးကိုတင်ပြီးတော့ အတည်ပြုချက်ပေးတာရှိပါတယ်။ အဲဒီအချိန်အထိတော့ စောင့်ကြည့်ရမယ့်သဘောရှိပါတယ်”

စစ်အာဏာရှင်ဘက်ကတော့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ငွေရေးကြေးရေး စွပ်စွဲချက်တွေအပါအဝင် မြန်မာပြည်တွင်း ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုကြောင်း စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီစွဲချက်တွေနဲ့ပတ်သက်ပြီး အများပြည်သူနဲ့တိုင်းပြည်အကျိုးအတွက် အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် စိတ်သန့်သန့်နဲ့ ဖြေရှင်းမှုတွေပြုလုပ်နိုင်တယ်လို့ သံအမတ်ကြီးက တုံ့ပြန် ပြောပါတယ်။

ဦးကျော်မိုးထွန်းက “ကိုယ်လုပ်ကိုင်နေတဲ့ဥစ္စာက နိုင်ငံအနာဂတ်အတွက်၊ ပြည်သူတွေအတွက် ဖြစ်တယ်ဆိုတာကို ကျနော်ကိုယ့်စိတ်ရှင်းလည်းရှင်းတယ်။ ဒါကြောင့်မို့ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ လုပ်ကိုင်တဲ့ဥစ္စာမှာ စနစ်တကျ စာရင်းနဲ့ တောက်လျှောက်လုပ်ကိုင်တဲ့အတွက်ကြောင့်မို့ ကျနော်ကတော့ စိတ်ရှင်းတယ်။ ဒါကြောင့် ငွေရေးကြေးရေးနဲ့ပတ်သက်ရင် သူတို့စွပ်စွဲတာတွေရှိတယ်၊ ပုံစံမျိုးစုံနဲ့ စွပ်စွဲတာမျိုးတော့ ရှိနေမှာပဲပေါ့နော်။ ဒါတွေက ပွင့်ပွင့်လင်းလင်းချပြရမဲ့ အချိန်မျိုးအခါမျိုးတော့ ရောက်လာမယ်လို့တော့ ကျနော်မြင်ပါတယ်” လို့ ပြောပါတယ်။

ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ဖိတ်ကြားချက်ကြောင့် စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ပြည်ပခရီးတွေ ဆက်တိုက်ထွက်ခွာနေရပေမဲ့ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ ကုလသမဂ္ဂစာမျက်နှာမှာတော့ သံတမန်ရေးဆက်လက် ရှုံးနိမ့်နေတာပါ။

ဦးကျော်မိုးထွန်းကို တရားစွဲတာအပြင် အလုပ်ကောင်းကောင်းလုပ်လို့မရအောင် စစ်အာဏာရှင်က နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးတာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဦးကျော်မိုးထွန်းရဲ့လုံခြုံရေးကိုပါ ထိပါးလာနိုင်တဲ့အတွက် သတိထားစောင့်ကြည့်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေနဲ့ တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းကိုယ်စားလှယ်တွေက မှတ်ချက်ပေးပါတယ်။ 

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ကျမတို့ လျှော့မတွက်ဖို့လိုတာကတော့ ဒီလူတွေက ရာဇဝတ်မှုကို ကျူးလွန်ရဲတဲ့သူတွေဖြစ်တယ်။ အပြစ်မဲ့တဲ့ကလေးငယ်တွေကိုတောင် သတ်ရဲ ဖြတ်ရဲတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့  ကျမတို့အထူးဂရုပြုဖို့လိုတယ်။ သံအမတ်ကြီးရဲ့ ကိုယ်စားပြုမှုသည် ကုလသမဂ္ဂမှာရှိနေတဲ့ကိုယ်စားပြုမှုကတော့ ဆက်လက်ပြီး ယခင်အတိုင်းဆက်ရှိသွားဖို့ ကျမတို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေး ဦးမိုးဇော်ဦးက “တရားစွဲတာတို့ ပုဂ္ဂိုလ်ရေးအရ အန္တရာယ်ပြုနိုင်တဲ့အခြေအနေတွေကိုပါ သူတို့ဖန်တီးနေတာတွေ တွေ့ရတယ်ပေါ့၊ ဒါဟာ ဘာကိုပြလဲဆိုတော့ ဘယ်လိုမှ သူတို့ဟာ ဥပဒေကြောင်းအရတိုက်ပွဲ၊ ဥပဒေကြောင်းအရ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကို ဘယ်လိုမှ မရနိုင်ဘူးဆိုတာ ထင်ရှားတာပေါ့”လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဦးသွင်လင်းအောင်က “ကျားဟာ နာရင်ပိုခဲတယ်ဗျ၊ သူတို့နာနေတာ သေချာတယ်ဗျ၊ သူတို့နာလို့ပိုခဲဖို့လုပ်တာ၊ ရန်သူက ကိုယ့်ကိုပိုပြီးမဲပြီ၊ ငြိုးပြီ ဆိုလို့ရှိရင် အဲ့ဒါ ရန်သူက ကိုယ့်ကိုပိုပြီးတော့မှ ကြောက်လို့ပဲဗျ၊ ဒါကြောင့် ဒီကိစ္စတွေ သူတို့လုပ်တာဖြစ်တယ်။”

စက်တင်ဘာ ၁၉ ရက်၊ နယူးယောက်မြို့ထောက်ခံပွဲကို အမေရိကန်ပြည်ထောင်စု၊ ပြည်နယ် ၅၀ က မြန်မာနွယ်ဖွား ၁၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာပဲ ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမရှေ့မှာလည်း သံအမတ်ကြီးအတွက် ထောက်ခံပွဲကို တပြိုင်တည်းကျင်းပခဲ့ပါတယ်။

ဒေါင်ခုပ် (ဥက္ကဋ္ဌ) DC ဧရိယာချင်းကွန်မြူနတီ  ဥက္ကဋ္ဌ ဒေါင်ခုပ်က “သံအမတ်ကြီးဦးကျော်မိုးထွန်းသာ UN မှာ မြန်မာကိုယ်စားပြုပြီး မရှိခဲ့ရင် တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီရဲ့ရက်စက်မှုတွေ ကမ္ဘာကလည်း သိမှာမဟုတ်ပါဘူး၊ မြန်မာကလည်း သိမှာမဟုတ်ပါဘူး၊ ဒါကြောင့် ဦးကျော်မိုးထွန်းဟာ တိုင်းရင်းသားတွေအတွက် အင်မတန်မှအရေးကြီးပါတယ်၊ ကျေးဇူးလည်းအများကြီးတင်ပါတယ်၊ အားလည်းကိုးပါတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အခုနှစ်အတွက် ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ အဖွဲ့ဝင် ၉  နိုင်ငံကတော့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဘဟားမား၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ ဂျမေကာ၊ ယူဂန်ဒါနဲ့ ဗာနူအာတူ နိုင်ငံတို့ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့လတ်တလောအချိန်အထိ ထုတ်ပြန်ချက်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်တို့ကိုပဲ အစိုးရခေါင်းဆောင်တွေအဖြစ် အသိအမှတ်ပြုဖော်ပြနေတာပါ။

မယ်ရီလန်းပြည်နယ်မှ ဦးမြင့်ဦးက “မင်းအောင်လှိုင် အာဏာရူးကောင်က ပြည်သူတွေကိုဖိနှိပ် နှိပ်စက်ပြီးတော့ ဦးကျော်မိုးထွန်းရဲ့နေရာကို မတရားယူဖို့ ကောက်ကျစ်တဲ့နည်းတွေ အမျိုးမျိုးနဲ့ကြိုးစားနေတာကိုသိတဲ့အတွက် ကျနော်တို့ သူတို့လုံးဝ တရားဝင်မှုမရအောင် ဒီကုလသမဂ္ဂရုံးချုပ်ရှေ့ကို မရောက် ရောက်အောင်လာခဲ့တာ”လို့ ပြောပါတယ်။

နယူးယောက်မြို့မြန်မာကွန်မြူနတီ NYCBC မှ ဦးနေတင်မြင့်က “ဆန္ဒပြရုံသက်သက်မဟုတ်ပါဘူး၊ လူတဦးတယောက်ကို ထောက်ခံတာမဟုတ်ပါဘူး၊ တိုင်းပြည်နဲ့ပြည်သူပြည်သားအကျိုးအတွက် ကျနော်တို့ ထောက်ခံခြင်းဖြစ်ပါတယ်လို့ ပြောချင်ပါတယ်၊ အဲ့ဒီအတွက် တဦးချင်းတယောက်ချင်း ပြည်နယ်အသီးသီးက ကားတတန် ရထားတတန် လေယာဉ်တတန်နဲ့ လာပေးကြတဲ့ တော်လှန်ညီအကိုမောင်နှမအားလုံးကို NYCBC ကိုယ်စား အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”

စစ်အာဏာရှင်ဘက်က တရားစွဲဆိုကြောင်း ထုတ်ပြန်ချက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက နိုင်ငံ့ဝန်ထမ်းအဖြစ်က ထုတ်ပယ်ထားပြီးဖြစ်ပေမဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က နိုင်ငံပိုင်အဆောက်အအုံ၊ မော်တော်ယာဉ်တွေနဲ့ ဘဏ်စာရင်းက ဒေါ်လာ ၂ ဒသမ ၇၆ သန်းကျော်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲခဲ့တယ်လို့ စွပ်စွဲဖော်ပြထားတာပါ။

ဒါ့အပြင် သံအမတ်ကြီးဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ရဲ့ သံတမန်အဖြစ် လှုပ်ရှားတာ၊ အွန်လိုင်းကတဆင့် အလှူငွေကောက်ခံတာနဲ့ နိုင်ငံတကာမှာ တရားမဝင်လှုပ်ရှားမှုတွေပြုလုပ်နေတာကြောင့်  ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေတို့နဲ့ တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။

ကနေဒါနဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံတကာရောက်မြန်မာအရေးလှုပ်ရှားသူတွေကလည်း သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013