DVB Logo
Home
နိုင်ငံတကာ
နျူးကလီးယား လက်နက်တိုက်ကို အဆင့်မြှင့်တင်ထားဟု ရုရှားသမ္မတ ပူတင်ပြော
DVB
·
December 20, 2023
နျူးကလီးယား လက်နက်တိုက်ကို အဆင့်မြှင့်တင်ထားဟု ရုရှားသမ္မတ ပူတင်ပြော
Donate to DVB

အနောက်နိုင်ငံတွေက ကြားခံစစ်ပွဲ ဆင်နွှဲနေလို့ ရုရှားဟာ သူ့ရဲ့ နျူးကလီးယား လက်နက်တိုက်ကို အဆင့်မြှင့်တင်ပြီး ဗျူဟာမြောက်တပ်တွေကိုတော့ အမြင့်ဆုံးအဆင့်မှာ ထားထားတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ အကြီးတန်းကာကွယ်ရေးအရာရှိများ ညီလာခံမှာ ပြောဆိုခဲ့တာဖြစ်ပြီး ရုရှားအစိုးရက ယူကရိန်းကို ဆင်နွှဲနေတဲ့ သူ့ရဲ့ “အထူးစစ်ရေး စစ်ဆင်ရေး” ကို ဆက်လုပ်သွားမယ်လို့လည်း ပူတင်က ပြောခဲ့ပါတယ်။

ရုရှားအပေါ် မဟာဗျူဟာမြောက် အနိုင်ယူဖို့ ကြိုးပမ်းမှုတွေအားလုံး ပြိုပျက်သွားပြီလို့လည်း ပူတင်က ပြောခဲ့ပါတယ်။

တကယ်လိုလားတယ်ဆိုရင် ယူကရိန်းအနာဂတ်အတွက် ယူကရိန်း၊ အမေရိကန်၊ ဥရောပတို့နဲ့ ဆွေးနွေးဖို့ ရုရှားက ပြင်ဆင်ထားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းနိုင်ငံဆီ စစ်တပ်တွေ လွှတ်ခဲ့တဲ့ ပူတင်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ထပ်ခါတလဲလဲ ပြောနေတာပါ။

ဒါပေမဲ့ ပူတင်ဟာ တကယ်အစစ်အမှန် မလုပ်မီ နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို စောင့်မျှော်နေတာလို့ အနောက်တိုင်း အရာရှိတွေက ပြောပါတယ်။

သမ္မတ ပူတင်က “ယူကရိန်းမှာ၊ ဥရောပနဲ့ အမေရိကန်မှာ ရုရှားကို ရန်လိုနေတဲ့သူတွေက ညှိနှိုင်းချင်သလား၊ သူတို့ကို လွှတ်ထားလိုက်၊ ဒါပေမဲ့ ကျနော်တို့ကတော့ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး လုပ်မှာပါ” လို့ပြောပါတယ်။

ရုရှားက ဥရောပနဲ့ စစ်တိုက်ဖို့ မရည်ရွယ်ကြောင်းနဲ့ ရုရှားပိုင်တာကို စွန့်လွှတ်မှာမဟုတ်ဘူး လို့လည်း ပူတင်က ဆက်ပြောခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူ၊ ဗိုလ်ချုပ်ကြီး ဗလေရီ ဂျေရာစီမော့ဗ်၊ ပြည်ထောင်စုလုံခြုံရေးဌာန (FSB) ရဲ့ ညွှန်မှူး အလက်ဇန်းဒါး ဘော့တ်နီကာ့ဗ်တို့ အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိကြီးတွေ တက်ရောက်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013