DVB Logo
Home
မြန်မာသတင်း
တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်တို့ကို မြန်မာ့ပြောင်းဆန် တန်ချိန် ၇ သိန်း တင်ပို့မည်
DVB
·
December 20, 2023
တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်တို့ကို မြန်မာ့ပြောင်းဆန် တန်ချိန် ၇ သိန်း တင်ပို့မည်
Donate to DVB

တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ကို မြန်မာ့ပြောင်းဆန် တန်ချိန် ၇ သိန်း တင်ပို့သွားဖို့အတွက် MOU (နားလည်မှုစာချွန်လွှာ) လက်မှတ်ရေးထိုးထားတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း (MICA) ထံမှ သိရပါတယ်။

ထိုင်းနိုင်ငံမှ ကုမ္ပဏီ ၃ ခု၊ တရုတ်နိုင်ငံမှ ကုမ္ပဏီ ၂ ခု၊ ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီ ၂ ခုတို့နဲ့ မြန်မာ့ပြောင်းလုပ်ငန်းရှင်များအသင်းက ပြောင်းဝယ်ယူရောင်းချမှုဆိုင်ရာ MOU (နားလည်မှုစာချွန်လွှာ) ကို ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးခန်းမမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာ့ပြောင်းလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတဦးက “ခုတင်ပို့မယ့်နိုင်ငံတွေက နှစ်တိုင်း ဝယ်ယူနေကျ နိုင်ငံတွေပါ။ အခုကတော့ အသင်းနဲ့ညှိနှိုင်းပြီး အကျိုးတူ MOU ထိုးပြီး ဝယ်ယူတာပါ။ တန်ချိန် ၇ သိန်းအထိ တင်ပို့သွားဖို့ မျှော်မှန်းထားပါတယ်။ ပြည်ပကို ပြောင်းတင်ပို့နိုင်တဲ့အတွက် ‌ပြည်တွင်းပြောင်းဈေးကွက်နဲ့ ပြောင်းစိုက်တဲ့သူတွေအပေါ်မှာ ပိုကောင်းလာနိုင်ပါတယ်” လို့ ပြောပါတယ်။

ပြောင်းဆန်ကို တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့အပြင် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ စင်ကာပူတို့ကလည်း ဝယ်လိုအားရှိနေတာကြောင့် ပြောင်းဆန်ဈေးနှုန်း ကောင်းလာတယ်လို့ အောင်ပန်းရှိ ကုန်စိမ်းရောင်းဝယ်သူတဦးက‌ ပြောပါတယ်။

“ထိုင်းက အခွံလွတ် ပြောင်းအဝယ် ပိတ်သွားတာနဲ့ တိုက်ပွဲတွေစဖြစ်တည်းက ပြောင်းဈေးက ထိုးကျနေတာ။ အခု MOU လက်မှတ်ထိုးပြီးလည်း ဝယ်တယ်။ တခြားနိုင်ငံတွေကလည်း ဝယ်တယ်ဆိုတော့ ပြောင်းဈေးတက်လာတယ်။ အဓိက‌က ထိုင်းက အဝယ်လိုက်နေတဲ့အတွက် ပြောင်းဆန်ဈေး ၁,၂၀၀ အထိ ဖြစ်လာနိုင်ပါတယ်။”

မြန်မာနိုင်ငံမှာ ပြောင်းစိုက်ပျိုးမှု ဧက ၂ သန်းကျော်မှ အထွက်နှုန်း တန်ချိန် ၃ သန်းကျော်ရှိပြီး ပြည်တွင်းသုံးစွဲမှု တန်ချိန် ၁ သန်းနီးပါးရှိကာ ပြည်ပတင်ပို့မှု တန်ချိန် ၂ သန်းကျော်ရှိတယ်လို့ မြန်မာ့ပြောင်းလုပ်ရှင်များအသင်း (MICA) ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာလအတွင်း ပင်လယ်ရေကြောင်းမှတဆင့် ဖိလစ်ပိုင်နိုင်ငံကို ပြောင်းတန်ချိန် ၃၁,၁၇၀၊ ထိုင်ဝမ်ကို ပြောင်းတန်ချိန် ၁၉၀၊ စင်ကာပူကို ပြောင်း ၂၃ တန်၊ တရုတ်-မြန်မာ နယ်စပ်လမ်းကြောင်းကတဆင့် ပြောင်းတန်ချိန် ၁၂,၀၀၀ ကျော်နဲ့ ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းကတဆင့် ပြောင်းတန်ချိန် ၉၈၈ တန် စုစုပေါင်း ပြောင်းတန်ချိန် ၄၄,၃၇၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၉၁ သန်း ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013