DVB Logo
Home
မြန်မာသတင်း
လက်ရှိကာလဟာ စစ်အာဏာရှင်ကို အနိုင်ယူရန် အကောင်းဆုံးအချိန်ဖြစ်ဟု KNU ခေါင်းဆောင် ပြော 
DVB
·
December 20, 2023
လက်ရှိကာလဟာ စစ်အာဏာရှင်ကို အနိုင်ယူရန် အကောင်းဆုံးအချိန်ဖြစ်ဟု KNU ခေါင်းဆောင် ပြော 
Donate to DVB

စစ်အာဏာရှင်ကိုတော်လှန်ဖို့ ပြည်သူအားလုံးက အင်တိုက်အားတိုက် ပူးပေါင်းတာမရှိရင် အနိုင်ရဖို့မလွယ်ဘဲ လက်ရှိကာလက အနိုင်ယူဖို့ အကောင်းဆုံးအချိန်ကာလ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက်စွဲနဲ့ ပြည်သူလူထုကို ပြောကြားတဲ့ သတင်းစကားမှာ ပြောသွားတာဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေကိုလည်း စစ်အာဏာရှင်ကိုပဲ အကျိုးဖြစ်စေတဲ့ အလုပ်တွေကိုထားခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေးတွေနဲ့ လာရောက်ပူးပေါင်းပြီး လူထုအတွက် ရဲရဲရင့်ရင့် ရပ်တည် လုပ်ဆောင်သွားဖို့ အားပေးဖိတ်ခေါ်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးဆိုင်ရာအစီအမံတွေဟာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးနဲ့ လူထုအတွက် အကျိုးမပြုတဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို ဖော်ဆောင်ချင်တာပဲဖြစ်ပြီး အကျိုးစီးပွားအနေနဲ့ကတော့ စစ်တပ်တခုလုံးအတွက်မဟုတ်ဘဲ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ စီးပွားဖက်တွေအတွက်ပဲ ဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ရှေ့တန်းမှာ အသက်စွန့်၊ ကိုယ်ကျိုးစွန့်တဲ့ တပ်သားတွေ အနေနဲ့ကတော့ ဘာအကျိုးခံစားခွင့်မှ ရှိမှာမဟုတ်ပါဘူး။ ရဲဘော်တပ်သားတွေရဲ့ စွန့်လွှတ် အနစ်နာ ခံမှုတွေက တိုင်းပြည်နဲ့ တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအတွက် ဘာတစုံတရာမှ အကျိုးဖြစ်စေမှာမဟုတ်ဘဲ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်တွေဖြစ်တဲ့၊ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ၊ ထိပ်တန်း အာဏာပိုင်နဲ့ သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးသမားတွေအတွက်ပဲ အကျိုးရှိစေမှာ ဖြစ်တဲ့ အတွက် ကျနော်တို့အနေနဲ့ ရဲဘော်တပ်သားတွေကို တိုက်တွန်းလိုတာက ကိုယ့်အတွက် ဘာမှအကျိုးမရှိဘဲ စစ်အာဏာရှင်ကိုသာ အကျိုးဖြစ်စေတဲ့ အလုပ်တွေကိုထားခဲ့ပြီး ကျနော်တို့ တော်လှန်ရေးရဲ့ ဦးဆောင်မှုဆီ၊ တိုင်းရင်းသားတော်လှန်ရေးတွေနဲ့ လာရောက်ပူးပေါင်းပြီး လူထုအတွက် ရဲရဲရင့်ရင့်ရပ်တည် လုပ်ဆောင်သွားဖို့ အားပေးဖိတ်ခေါ်လိုပါတယ်” လို့ ပြောပါတယ်။

ကရင့်တော်လှန်ရေးပဲဖြစ်စေ၊ ဗမာပြည်သူတွေရဲ့ တော်လှန်လှုပ်ရှားမှုတွေပဲဖြစ်စေ ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့အတွက် ဆောင်ရွက်နေတာဟာ အဖွဲ့အစည်းတွေရဲ့ တော်လှန်ရေးမဟုတ်ဘဲ တတိုင်းပြည်လုံးရဲ့ တော်လှန်ရေး၊ လူမျိုးတိုင်းရဲ့ တော်လှန်ရေးဖြစ်လို့ အားလုံး အတူတူဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

“ကရင်လူထုတွေနဲ့ ဗမာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ မိမိတို့ တတ်နိုင်တဲ့ ကဏ္ဍအသီးသီးကနေပြီး အင်အားအရသော်လည်းကောင်း၊ ငွေကြေး အရသော်လည်းကောင်း၊ အကြံကောင်းဉာဏ်ကောင်း အရသော်လည်းကောင်း အကြံပြုမှုတွေ အရသော်လည်းကောင်း ပူးပေါင်း ပါဝင်ပေးကြဖို့အရေးကြီးပါတယ်။ ဒီလိုမှ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်မှုမျိုးမရှိရင် ကျနော်တို့ အနိုင်ရဖို့ဆိုတာ မလွယ်ကူပါဘူး။ လက်ရှိကာလက အနိုင်ယူဖို့အကောင်းဆုံးအချိန်ကာလ ဖြစ်တယ်။ အရေးအကြီးဆုံးဖြစ်တဲ့ တက်ညီလက်ညီတဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုရင် အောင်ပွဲကို အမှန်တကယ် ရရှိခံစားရမှာပဲဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးတော့ ၁၉၄၉ ကရင့်တော်လှန်ရေး စတင်စဉ်ကတည်းကနေ အခုချိန်ထိဆို ၇၅ နှစ် ပြည့်ဖို့ လပိုင်း လောက်ပဲလိုတော့တယ်လို့လည်း သူက ပြောပါတယ်။

ကရင့်အမျိုးသားအစည်းအရုံးဦးဆောင်မှုအောက်မှာရှိနေတဲ့ တပ်တွေ၊ တခြား ကရင့် လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် တခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်အာဏာရှင်ကိုတော်လှန် တိုက်ခိုက်နေတဲ့ ကာလမှာ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်မိစေဖို့၊ လူထုကို အကာအကွယ်ပေးဖို့၊ နိုင်ငံတကာဥပဒေတွေ (Geneva Convention) က ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအပြင် လူ့အခွင့်အရေးကို အကာအကွယ် ပေးခြင်းနဲ့ ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတူတကွလေးစား လိုက်နာဖို့လည်း သူက တိုက်တွန်းထား ပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေအခက်အခဲတွေပိုကြုံလာရပြီး တချို့ဟာ စိတ်ဓာတ်ကျ၊ မျှော်လင့်ချက်ပျောက်ဆုံးနေနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီအုပ်ချုပ်ရေးစနစ်ကို တည့်မတ်ပြုပြင်နိုင်စွမ်း မရှိခဲ့ဘူးဆိုရင် အနာဂတ်မှာ မျှော်လင့်စရာဘာမှ ရှိတော့မှာမဟုတ်လို့ အားတင်း စိတ်အားတက်ကြွနေကြဖို့၊ ဇွဲနပဲကြီးကြီးနဲ့ ပါဝင်လှုပ်ရှားနေကြဖို့ ကေအန်ယူခေါင်းဆောင်က  အားပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013