
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာက အရပ်သားပြည်သူပိုင် စပါးတင်း ၅၀၀ ကျော်၊ နေအိမ် ၁၀ လုံးကျော်နဲ့ ကား ၂ စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဆီကနေ သိရပါတယ်။
ရေဦးမြို့ အနောက်ခြမ်းရှိ မုတ်ဆီရွာနဲ့ မူးဆုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၅ ရက်က စတင်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရေဦးမြို့အနောက်ခြမ်းနဲ့ ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ အောင်ချမ်းသာ၊ ပင်စည်၊ ပုဂံ၊ ခွန်တောင်းရွာ ၄ ရွာက အရပ်သားပြည်သူပိုင် ၆ ဘီးကားတစ်စီး၊ အိမ်စီးကား ကားတစ်စီး၊ တိုက်အိမ်ကြီးတစ်လုံး၊ ထန်းရွက်တဲ ၂ လုံး၊ နေအိမ် ၁၀လုံးနဲ့ စပါးတင်း ၅၀၀ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။
ဒီပဲယင်း စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “စစ်ကြောင်းက ထိုးနေတုန်းပဲဆိုတော့ ကျန်တဲ့ရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှုကို မဖော်ပြနိုင်သေးဘူး။ ဒီထက်မက ဆုံးရှုံးမှုများနိုင်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့မီးရှို့ဖျက်ဆီးခဲ့တာကို ဝန်မခံဘဲ PDF တွေက ဗုံးသီးကြဲပြီး ဖျက်ဆီးသွားလို့ ရွာအတွင်း ငါးကန်ဘေးရှိနေအိမ်တွေနဲ့ ရိတ်သိမ်းပြီးစပါးတွေ မီးလောင်းကျွမ်းခဲ့တာလို့ ဝါဒဖြန့် စာတွေကိုလည်း ရေးသွားခဲ့ပါတယ်။
ပုဂံရွာက အမျိုးသမီး တစ်ယောက်က"စစ်သားမှ စစ်သားတွေစစ်စစ် မီးရှို့သွားတာ၊ ဘယ်PDFမှ မလုပ်ဘူး။ ဗေဒင်သွားမေးနေတာမှ မှားဦးမယ်။ ကျမတို့ ရွာတင်မဟုတ်ဘူး သူတို့မီးရှို့ခဲ့တဲ့ ရွာတွေမှ အများကြီး ရွာသူ၊ ရွာသားတိုင်း သိတယ်။ ဒီလိုဝါဒဖြန့်စာတွေရေးသွားလို့လည်း ဘာမှ ထူးမသွားဘူး။ နေအိမ်တစ်လုံးရဖို့ ကားတစ်စီးရဖို့ ဘယ်လောက် ရုန်းကန်ခဲ့ရလဲ သူတို့မသိဘူး။ တန်ဖိုးဘယ်လောက်ရှိလဲဆိုတာပါ မသိလို့ ဒီလိုလုပ်နေကြတာပေါ့"လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တာတွေကြောင့် အရပ်သားပြည်သူပိုင်နေအိမ် အလုံး ၆၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။