DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် စည်ပင်နယ်နိမိတ်မလွတ်သည့် နေအိမ်နှင့်ဆိုင်များ ဖယ်ရှားခံရ
DVB
·
December 19, 2023
မော်လမြိုင်တွင် စည်ပင်နယ်နိမိတ်မလွတ်သည့် နေအိမ်နှင့်ဆိုင်များ ဖယ်ရှားခံရ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ မြို့တော်သန့်ရှင်းသာ‌ယာရေး ခေါင်းစဉ်နဲ့ လမ်းနယ်နိမိတ်နဲ့ မလွတ်တဲ့‌ နေအိမ်တွေနဲ့ ဆိုင်တွေကို စည်ပင်ဝန်ထမ်းတွေက ဒီဇင်ဘာ ၁၈ ရက်ကစပြီး လိုက်လံဖယ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စည်ပင်ဝန်ထမ်းတွေဟာ မော်လမြိုင်မြို့တော် သန့်ရှင်းသာယာဖို့အတွက် လမ်းနယ်နိမိတ်နဲ့ မလွတ်တဲ့ နေအိမ်နဲ့ ဆိုင်တွေကို ဒီဇင်ဘာလအစကနေစပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖယ်ရှားဖို့နဲ့ ဒီဇင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ကြိုတင်အကြောင်းကြားခဲ့ပါတယ်။

လမ်းဘေးဆိုင်ဖွင့်နေသူတဦးက “လအစတည်းက သူတို့က ဖယ်ဖို့ ကြိုအကြောင်းကြားပါတယ်။ ကတ္တရာလမ်းနဲ့နီးတဲ့ ဆိုင်တွေပဲ ဖျက်ခိုင်းတာ။ ကိုယ့်အိမ်ရှေ့မှာဖွင့်တဲ့ ဆိုင်တွေကြတော့ မဖယ်ရပါဘူး။ အကုန်လုံးနီးပါးကတော့ ၁၇ ရက်နေ့တည်းက ဖျက်ကြပါတယ်။ ၁၈ ရက်နေ့မှ ဖျက်တဲ့သူတွေက နည်းပါတယ်။ ဒီမှာ ဆိုင်ဖွင့်စားနေတာ ကြာနေပြီဆိုတော့ ပြောင်းတော့ မ‌ပြောင်းချင်ဘူးပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ဈေးဆိုင်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတယ်ဆိုတာ မကြားပါဘူး” လို့ ပြောပါတယ်။

လမ်းနယ်နိမိတ်မလွတ်တဲ့ နေအိမ်တွေကိုလည်း ဒီဇင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းဖို့ အကြောင်းကြားစာ ပို့ပေးခဲ့ပေမဲ့ မဖျက်သိမ်းတဲ့သူတွေကို နယ်မြေခံရဲစခန်းတွေမှာ စည်ပင်ဝန်ထမ်းတွေက တရားစွဲဆိုခဲ့ပါတယ်။

“မော်လမြိုင် ဂွေးကုန်း ကျူးကျော်မှာနေတဲ့ အမျိုးသမီး ၂ ဦးကို မုပွန်ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်တယ်။ ကြားတာကတော့ အိမ်ဖျက်ခိုင်းတာ မဖျက်လို့ ဖမ်းတယ်လို့ပြောတယ်။ တမြို့လုံးကရှိတဲ့ လမ်းနဲ့မလွတ်တဲ့ ဆိုင်တွေကော အိမ်တွေကော ဖျက်ခိုင်းနေတာ။ ဘာကြောင့်မှန်းတော့ သေချာမသိပါဘူး။”

ဖမ်းဆီးခံရတဲ့ ဂွေးကုန်းရပ်ကွက်က အမျိုးသမီး ၂ ဦးကို မုပွန်မြို့မရဲစခန်းမှာ မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေပုဒ်မ ၉၂ နဲ့ အရေးယူခံထားရပါတယ်။

မော်လမြိုင်မြို့အတွင်းမှာရှိတဲ့ လမ်းဘေးဈေး‌ဆိုင်နဲ့ ကျူးကျော်နေအိမ် အများအပြားကို ၂၀၂၂ ခုနှစ်ကစပြီး စည်ပင်ဝန်ထမ်းတွေက လိုက်လံဖျက်ဆီး သိမ်း‌ဆည်းနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013