DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်ထွေအုပ် ဒုဦးစီးမှူးနှင့် ကံပေါက်ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
December 19, 2023
သံဖြူဇရပ်ထွေအုပ် ဒုဦးစီးမှူးနှင့် ကံပေါက်ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
1 / 2
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးကို ရုံးအတွင်း ဌာနဆိုင်ရာသတင်းတွေ PDF နဲ့ NUG အဖွဲ့တွေဆီ ပေးနေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက  ဒီဇင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

အရေးယူခံရတဲ့ ဦးစီးမှူးဟာ သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး သံဖြူဇရပ်ထွေအုပ်ဌာနမှာ ဒုဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၄၀ ကျော်အရွယ် ဦးအောင်ကိုကို ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “စစ်ကောင်စီကတော့ ကိုယ့်ဝန်ထမ်းတောင် ကိုယ်ပြန်အန္တရာယ်ပေးလာပြီ။ ဆရာ ဦးအောင်ကိုကို အခု အမှုဖွင့်ထားတယ်။ PDF တွေ NLD တွေနဲ့ NUG အဖွဲ့တွေကို ဆက်သွယ်သတင်းပို့နေလို့ ဖမ်းတာတဲ့။ ဖမ်းဆီးကတည်းက ရိုက်နှက်တာ” လို့ ပြောပါတယ်။

ထွေအုပ် ဒုတိယဦးစီမှူး ဦးအောင်ကိုကို ကို သံဖြူဇရပ်မြို့မရဲစခန်းက (ပ)၁၃၆/၂၀၂၃၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သံဖြူဇရပ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တာ၊ ရိက္ခာထောက်ပံ့တာတွေ၊ မြို့တွင်းဖောက်ခွဲရေးလုပ်ငန်းတွေမှာ ပါဝင်တယ်လို့ စွပ်စွဲကာ ဒေသခံ ၁၇ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာတော့ ကံပေါက်ဒေသအခြေစိုက် မောရဝတီ ရေတပ်စခန်းဌာနချုပ် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ကံပေါက်ကျေးရွာက မသဲစုမိုး၊ မသန်းသန်းစိုး၊ ကိုသားကြီးနဲ့ ဇနီး မတင်ဝေတို့ လေးဦးကို ဒီဇင်ဘာ ၁၇ ရက် ညက မောရဝတီရေတပ်က လာဖမ်းသွားတယ်လို့ ရွာသားတွေဆီက သိရပါတယ်။

သူတို့လေးဦးကို မဖမ်းဆီးမီ ကံပေါက်ရွာအတွင်း မောရဝတီရေတပ်က စစ်ကား ၂ စီးနဲ့ လှည့်ပတ်ပြီး ရပ်ကွက် ၃ ခုမှာ နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ကံပေါက်ရွာသားတဦးက “အဖမ်းခံရတဲ့လူတွေကတော့ နိုင်ငံရေးကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်တာမျိုး မဟုတ်ဘူး။ သူတို့ရဲ့ယောက်ျားတွေကို လာရှာတာ၊ အိမ်မှာမရှိလို့ ဓားစာခံခေါ်သွားသလို ဖမ်းသွားတာ။ လက်ကိုင်ဖုန်းတွေလည်း အားလုံးယူသွားတယ်” လို့ ပြောပါတယ်။

အဖမ်းခံရသူ လေးဦးစလုံးကို မောရဝတီရေတပ်မှာ စစ်ဆေးနေပြီး ဒီဇင်ဘာ ၁၉ ရက်အထိ ပြန်မလွတ်လာသေးပါဘူး။

ဒီဇင်ဘာ ၁၅ ရက်က ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မောရဝတီ ရေတပ်စခန်းဌာနချုပ် အရာရှိအိမ်ရာကို ဒရုန်းနဲ့ ဗုံးလေးကြိမ်ချ တိုက်ခိုက်ခဲ့ပါတယ်။

ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့အဖြစ် စတင်ခဲ့ပြီး အခုနှစ် ဩဂုတ်လမှာ ရေဖြူမြို့နယ် ပကဖအဖွဲ့ဝင်ကနေ နုတ်ထွက်ပြီးနောက် ဒီဇင်ဘာ ၁၃ ရက်ကစပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲရဲ့ တိုက်ရိုက်ကွပ်ကဲမှုနဲ့ ဒေါနစစ်ကြောင်း တပ်ခွဲ-၄ အဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013