DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် ဖြန့်ဖြူးရောင်းချနေသည့် တရားမဝင် အသားလုံးစက်ရုံကို စစ်ဆေးပိတ်သိမ်း
DVB
·
December 19, 2023
ဘန်ကောက်တွင် ဖြန့်ဖြူးရောင်းချနေသည့် တရားမဝင် အသားလုံးစက်ရုံကို စစ်ဆေးပိတ်သိမ်း
Donate to DVB

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီးတဝိုက် နယ်မြေပေါင်း ၁၀ ခုလောက်မှာ ဖြန့်ဖြူးရောင်းချနေတဲ့ အသားလုံးနဲ့ အသားချောင်းအလုပ်ရုံတစ်ခုမှာ  ကျန်းမာရေးနဲ့အညီ သန့်ရှင်းစွာ မထုတ်လုပ်တဲ့အပြင် တရားဝင်မှတ်ပုံတင်ခြင်းလည်းမရှိတာကြောင့် တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၈ ရက်က သွားရောက်စစ်ဆေး အရေးယူခဲ့ပါတယ်။ 

ဒီမတိုင်ခင်က ကလေး ၆ ယောက်ဟာ တံဆိပ်မပါတဲ့ အသားချောင်းတွေ ဝယ်စားပြီးတဲ့နောက် ပျို့အံ၊ ခေါင်းကိုက်၊ အသက်ရှုမြန်တာတွေဖြစ်ခဲ့လို့  သူတို့ ဝယ်ယူခဲ့တဲ့နေရာတွေကနေ ဆက်လက်စုံစမ်းကာ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့နယ် ခလောင်းဆီ ရပ်ကွက်ရှိ အဆိုပါအလုပ်ရုံကို သွားရောက်စစ် ဆေးခဲ့တာပါ။ 

စစ်ဆေးချက်အရ  အဆိုပါအလုပ်ရုံဟာ  ဥပဒေနဲ့အညီ မှတ်ပုံတင်ထားခြင်းမရှိ၊ အစားအစာနဲ့ ဆေးဝါးဌာနရဲ့ ထောက်ခံချက်လည်းမရှိတဲ့အပြင် ထုတ်လုပ်တဲ့နေရာမှာ သန့်ရှင်းမှုမရှိ၊  အလုပ်သမားတွေဟာလည်း ခေါင်းစွပ်၊ လက်အိတ်တွေမပါဘဲ အသားကို လက်နဲ့ တိုက်ရိုက် ထိတွေ့ကိုင်တွယ်တာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် အရင်းအနှီးသက်သာအောင် ဝက်သားထဲမှာ ကြက်သားကို ရောထည့်ထားတယ်၊ အဆိုပါဝက်သားတွေကိုလည်း အထားခံဖော်မလင်ဓာတုဆေးတွေထည့်သုံးထားတယ်လို့  ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ တာဝန်ရှိသူ ရဲမှူးကြီး ဝိထယားဆီပရဆစ်ဖတ်က  သတင်းထောက်တွေကို ပြောပါတယ်။ 

အဲဒီအလုပ်ရုံကနေ  ဝက်သားလုံး ဝက်သားချောင်းတွေ ထုတ်လုပ်ရာမှာ တနေ့ကို ဝက်သားအ လေးချိန်  ၂၀၀ ကီလိုဂရမ် ထုတ်လုပ်တာကြောင့် ၁ လကို  ဝက်သားအလေးချိန် ကီလို ၃၀၀၀ ကျော်ကုန်ကြောင်း၊  ပထုန်ဌာနီနဲ့ ဘန်ကောက်အနီးတဝိုက် ဟွေ့ခဝမ်၊ လတ်ပလာခေါက်၊ ဆိုင်မိုင်၊ တလင်ချန်း၊ တလတ်ယင့်ကျရွန်း၊ ဆမ်ခုတ် အစရှိတဲ့ နယ်မြေပေါင်း ၁၀ နေရာရှိ လေဟာပြင်ဈေးနဲ့ ကုန်စိမ်းဈေးတွေထဲ ဖြန့်ဖြူးနေတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဆိုပါအလုပ်ရုံကနေ ဘတ် ၂၄၀၀၀၀ ကျော်တန်ဖိုးရှိ အသားစိမ်း၊ ထုတ်လုပ်ပြီး အသားလုံး အသားချောင်း အထုတ်ပေါင်း ၁၇၀ ၊  အိတ်ခွံအလွတ် ၇၀၀ ၊ အသားနယ်ဇလား၊ အသားကြိတ်စက်၊ အသားပြုတ်အိုး အစရှိတဲ့ ပစ္စည်းအမျိုးအစား ၁၃ မျိုးကို သိမ်းဆည်းခဲ့ပါတယ်။

အလုပ်ရုံပိုင်ရှင်မှာ နန်းဆောင်ထန်းဒါးရိုင်းဖြစ်ပြီး စားသုံးသူများကာကွယ်ရေးဥပဒေအရ တရားမဝင်စားသောက်ကုန်ထုတ်လုပ်က ဒဏ်ငွေ ဘတ် ၃၀၀၀၀ ထိကျခံရဖို့ရှိတယ်လို့ ဆိုပါတယ်။

စားသုံးသူတွေအနေနဲ့ တရားမဝင်စားသောက်ကုန်ထုတ်လုပ်မှုတွေ့ရှိပါက ဖုန်းနံပါတ် ၁၁၃၅ ကို ဆက်သွယ်သတင်းပေးနိုင်တယ်လို့ ရဲမှူကြီး ဝိထယားက ပြောသွားပါတယ်။ 

SOURCE: Thai CH3 Plus

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013