DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လျှပ်စစ်မီးဖြန့်ဖြုးပေးနိုင်မှု လျော့နည်းကျဆင်း
DVB
·
December 19, 2023
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လျှပ်စစ်မီးဖြန့်ဖြုးပေးနိုင်မှု လျော့နည်းကျဆင်း
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ လျှပ်စစ်မီးဖြန့်ဖြုးပေးနိုင်မှု အခြေအနေဟာ စစ်တပ်အာဏာမသိမ်းခင်အချိန်ကနဲ့ နှိုင်းယှဉ်ရင်   ထက်ဝက်နီးပါး လျော့နည်းကျဆင်းလာနေပြီး မီးပျက်တာ ရှေ့လျှောက်  ပိုဆိုးနေဦးမယ်လို့  လျှပ်စစ်ကျွမ်းသူတွေက ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်မှာ  လျှပ်စစ်မီးရရှိခဲ့မှုအခြေအနေက တနိုင်ငံလုံး ၆၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ခဲ့ပြီး စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း  အခု ၂၀၂၃ မှာ‌တော့ ၃၆ ရာခိုင်နှုန်းပဲ ရရှိနိုင်တယ်လို့ သိရပါတယ်။

လျှပ်စစ်မီးဖြန့်ဖြူးပေးတဲ့ လုပ်ငန်းစဉ်က အမြတ်မရဘဲ ပြည်သူအပေါ် စေတနာနဲ့ ဝန်ဆောင်ပေးရတဲ့ လုပ်ငန်းဖြစ်တဲ့အလျောက် အစိုးရအဆက်ဆက်က အရှုံးခံပြီး လျှပ်စစ်မီးအပြည့်အဝရရှိဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အခုလို ဝန်ဆောင်မှုပေးဖို့ ကြိုးစားတာတွေ မရှိဘူးလို့ လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်က ပြောပါတယ်။

“၂၀၂၁ တစ်နှစ်လုံးစာမှာ အများဆုံး  ၃၉၉၇ မဂ္ဂါဝဂ်ရှိတယ်။ ၂၀၂၂ မှာကျတော့ အများဆုံးက ၃၄၉၄ မဂ္ဂါဝဂ်ရှိတယ်။ သုံးစွဲနိုင်မှု ၂၀၂၃ မှာကတော့ ၃၁၆၉၊ အဲဒီ ၃၁၆၉ က အစောပိုင်း ၃ လပိုင်းထိပဲရှိတာ အခုလတ်တလောပေါ့။ ၂၀၂၃ ဒီဇင်ဘာမှာ တွေ့လိုက်ရတဲ့ ဒေတာက အများဆုံး ၂၆၄၀ ပဲ မဂ္ဂါဝဂ်ပဲ ပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ တစ်နှစ်ပြီး တစ်နှစ်မှာ ဓာတ်အားက လျော့လျော့လာတယ် သူတို့က ဓာတ်အားကို ပြည့်မီအောင် ပေးနိုင်ဖို့ အတွက် ကြိုးစားမယ်ဆိုရင်၊ ပြည်သူအပေါ်မှာ စေတနာထားတယ် ဒါဆိုရင်၊ ဓာတ်အားပြည့်မီအောင် စီစဉ်ပေးနိုင် ရမယ်ပေါ့ ဒါမျိုးလုပ်မယ်ဆိုရင် လုပ်လို့ရတဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်ဘူးပေါ့ လုပ်မယ့်ပုံလည်း မရှိဘူး။”

မြို့ပြတွေမှာ အလှည့်ကျမီးပေးစနစ်ကို ကြေညာထားပေမဲ့  ပုံမှန်မဟုတ်တဲ့ မီးဖြတ်တောက်တာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ အခက်အခဲတွေ ကြုံနေရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ယောက်က ပြောပါတယ်။

“ပျက်လိုက် လာလိုက် ပုံမှန်မရှိဘူး။ ဟိုအရင်ဆိုရင် မနက် ၉ နာရီလာတယ် ၁ နာရီပျက်၊ ၅ နာရီဆို ပြန်လာ၊ ၅ နာရီပြန်လာပြီးရင် တောက်လျှောက်တာပေါ့။ မနက်မိုးလင်းထိ အခုဆိုရင် မနက် ၉ နာရီလာမယ့်ဟာကို မလာဘူး။ မနက်အစောကြီးပျက်ရင်ပျက်တယ်။  လာပြန်ရင်လည်း တစ်နာရီလောက်မှ လာတယ်။  ပျက်လိုက်လာလိုက်နဲ့ အိပ်ရေးတွေပျက်ပြီး ညဘက်တွေဆို ထမင်းဟင်းတွေထချက်ရတယ်။ အခက်အခဲတွေက အများကြီးပဲ ကြုံရတယ်။ အလုပ်သွား ဘာသွားမယ့်သူတွေဆိုရင် အိပ်ရေးတွေပျက်ပြီး မနက်ထချက်ရတာတွေ ရှိတယ်။ မီးက ပုံမှန်မလာတဲ့အခါကျတော့လေ။”

မြန်မာနိုင်ငံက လျှပ်စစ်မီးကို ရေအားလျှပ်စစ်ကနေ အဓိက ထုတ်လုပ်ဖြန့်ဖြူးပေးနေတဲ့ နိုင်ငံဖြစ်ပြီး အာဏာမသိမ်းခင် ရေအားလျှပ်စစ်ထုတ်လုပ်ပေးနေတဲ့ စက်ရုံ ၂၈ ခုရှိပေမဲ့ လက်ရှိမှာတော့ ၂၁ ခုသာ လည်ပတ်နေတာဖြစ်လို့ ထုတ်လုပ်မှုတွေ ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

ထုတ်လုပ်မှုကျဆင်းသွားတဲ့အလျောက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် မီးပျက်တာတွေက ပိုဆိုးနေဦးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဝန်ကြီး ဦးစိုးသူရထွန်းက ပြောပါတယ်။

“ပထမဦးဆုံးအချက်ကတော့ ထုတ်လုပ်မှု ကျဆင်းသွားတယ်ပေါ့။ နောက်တချက်ကတော့ သူတို့ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ စီမံခန့်ခွဲမှု အလွဲတွေပေါ့။ ပြည်သူလူထုအတွက် ဓာတ်အားအတွက်ကို ငွေစိုက်ထုတ်ပေးချင်တဲ့စိတ်၊ ဒီသုံးမယ့်ငွေကို ဓာတ်အားထက် တခြားနေရာတွေမှာ သုံးလိုက်တာကို တွေ့ရတယ်ပေါ့။ ရတနာစီမံကိန်းကနေလည်း ပြင်သစ်ကလည်း ထွက်သွားတယ်။ သူတို့ဆက်ပြီး လုပ်နေတယ်လို့ဆိုပေမဲ့  သူတို့ဆက်လုပ်တဲ့သူတွေမှာလည်း တိုင်းပြည်အပေါ် စေတနာ မိမိစီးပွားရေးလုပ်ငန်းအပေါ် စေတနာရှိတဲ့သူတွေ မဟုတ်ကြတဲ့အခါကျတော့ ပိုကောင်းလာစရာအကြောင်းကတော့ မရှိဘူးလို့ မြင်တယ်။ စကစ ရှိနေသမျှကတော့ ပိုပိုဆိုးလာဖို့ပဲ မြင်တယ်။ တော်လှန်ရေးအောင်မြင်လာတာနဲ့အမျှ လွတ်မြောက်တဲ့ နေရာတွေက ကျနော်တို့ တာဝန်တွေ အများကြီးရှိပါတယ်။ ကျနော်တို့ကလည်း အပြည့်အဝဖြစ်အောင် အများကြီး ကြိုးစားပြီး လျှပ်စစ်မီး မပြတ်အောင် ကြိုးစားလုပ်ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။”

အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ နဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၂၊ ၂၀၂၃ ဇန်နဝါရီလတွေနဲ့ ယှဉ်ရင် လျှပ်မီးရရှိနိုင်မှု ပမာဏာက လျော့ကျလာတာလည်း ဖြစ်ပါတယ်။ ကချင် ၊ ကယား(ကရင်နီပြည်)နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာတော့ လျှပ်စစ်မီး လုံးဝ ဖြန့်ဖြုးမပေးနိုင်ဘူးလို့ သိရပါတယ်၊

စစ်ခေါင်းဆောင်ကလည်း လျှပ်စစ်မီးကို ၅၀ ရာခိုင်နှုန်းတောင်ပြည့်မီအောင် မပေးနိုင်ဘူးလို့ ဩဂုတ်လမှာ ဝန်ခံထားသလို တော်လှန်ရေးအဖွဲ့တွေက တာဝါတိုင်တွေ ဖျက်ဆီးတာကြောင့် လျှပ်စစ်မီးမရတာဖြစ်တယ်လို့လည်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာမှာ ဖော်ပြထားပါတယ်။

ဆောင်းရာသီအကုန် နွေရာသီအရောက်မှာတော့ ရေခန်းခြောက်မှုတွေနဲ့ စစ်ကောင်စီရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုက ပိုဆိုးလာနိုင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။ 

ဝေဝေ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013