DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျောင်းသူ ၂ ဦး အပါအဝင် ၃ ဦး သေဆုံး
DVB
·
December 19, 2023
ကျောက်မဲတွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျောင်းသူ ၂ ဦး အပါအဝင် ၃ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဟူးကွက်ကျေးရွာမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ကျောင်းသူ ၂ ဦး အပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး နေအိမ် ၃ အိမ်ကိုလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က လေယာဥ်နဲ့  ဗုံးလာကြဲခဲ့တာ ဖြစ်ပါတယ်။

ဟူးကွက်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ဒေသခံတဦးက “ကျနော်သိရသလောက်တော့ ရွာထဲမှာ တိုက်ပွဲမဖြစ်ဘဲ ဘာလို့လာကြဲလဲမသိဘူး။ ဂျက်ဖိုက်တာနဲ့ နှစ်ခါချသွားတယ်။ ကျောင်းသူနှစ်ယောက်နဲ့ အဘိုးတယောက်ထိတယ်၊ ပွဲချင်းပြီးသေသွားတာ။ အိမ်ရော အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကစ အကုန်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ဗုံးထိပြီး သေဆုံးသွားတဲ့သူတွေမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူ လွေးမေသဇင်မွန်း၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူ လွေးမေမြတ်မွန်းနဲ့ အသက် ၆၀ အရွယ် အဘိုးအိုတဦးတို့ ဖြစ်ပါတယ်။

လေယာဥ်နဲ့ ဗုံးလာကြဲပြီး နောက်ပိုင်းမှာ ကျေးရွာခံတွေက နီးစပ်ရာနေရာနဲ့ လက်ဖက်ခြံတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရွာခံအမျိုးသားတဦးက “လေယာဥ်လာကြဲပြီးနောက် ရွာကလူတွေက ကြောက်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်ဖက်ခြံမှာ ရှောင်နေရတယ်၊ ပုန်းနေရတယ်။ ထိခိုက်ပျက်စီးတဲ့နေရာကို ဘယ်သူမှ သွားမကြည့်ရဲဘူး။ ထိခိုက်ထားတာတွေ အသေးစိတ်တော့ မသိသေးဘူး။ အခု ကျနော်တို့ကတော့ ကတုတ်ကျင်းထဲမှာ ပုန်းနေရတယ်” လို့ဆက်ပြောပါတယ်။

ဟူးကွက်ကျေးရွာမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲချခဲ့တဲ့အပြင် ကျောက်မဲမြို့ ခမရ ၅၀၁၊ ၅၀၂ တပ်စခန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်လာတာ ရှိတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013