DVB Logo
Home
မြန်မာသတင်း
သိန္နီတွင် ပိတ်မိနေသည့်  စစ်ဘေးရှောင် ၁၀၀ ကျော် လားရှိုးထိ ထွက်ပြေးလာ 
DVB
·
December 19, 2023
သိန္နီတွင် ပိတ်မိနေသည့်  စစ်ဘေးရှောင် ၁၀၀ ကျော် လားရှိုးထိ ထွက်ပြေးလာ 
Donate to DVB

ရှမ်းပြည်နယ်၊ သိန္နီမြို့၊ ကျောင်းခမ်းဘုန်းကြီးကျောင်းထဲမှာ တစ်လခွဲကျော် ပိတ်မိနေတဲ့ စစ်ဘေး‌ရှောင် ၁၀၀၀ ကျော်ထဲက ၁၀၀ ကျော်ဟာ  ဆင်းရဲငတ်ပြတ်မှုဒဏ်တွေ မခံနိုင်တော့ဘဲ လားရှိုးကို ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။ 

ကျောင်းခမ်းဘုန်းကြီးကျောင်းဟာ လားရှိုး-သိန္နီလမ်းမကြီး  သိန္နီမြို့အဝင်မှာရှိပြီး အဲဒီရှေ့မှာ စစ်ကောင်စီရဲ့ အမှတ် ၆၉ တပ်ရင်းရှိနေသလို အနီးတဝိုက်မှာလည်း စကခ ၁၆ ၊ ခမရ ၃၂၃ ၊ ခလရ ၅၅ ၊  ခလရ ၉၉ ၊  ခလရ ၈၈ အစရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့  မြောက်ပိုင်းမဟာမိတ် တပ်မတော်တွေ မကြာခဏတိုက်ပွဲဖြစ်နေတာကြောင့် စစ်ကောင်စီဘက်က စစ်ရှောင်တွေကို  ကျောင်းဝင်းထဲမှာဘဲ နေစေပြီး အသွားအလာကန့်သတ်ထားပါတယ်။ 

မူလက စစ်ရှောင်ဦးရေ   ၃၀၀၀ ကျော်နဲ့ ရဟန်းသံဃာ အပါး ၈၀ နီးပါးဟာ အဲဒီ ကျောင်းဝင်းထဲမှာ ပိတ်မိနေပြီး အစာရေစာနဲ့ နေရာထိုင်ခင်းအခက်အခဲရှိလို့   ထွက်လို့ရသလောက် တစစ ထွက်ပြေးနေကြတာပါ။ 

ဒီလထဲမှာ စစ်ရှောင် ၁၃၈၉ ဦး နဲ့ သံဃာ ၉ ပါးကျန်ရှိပြီး အဲဒီထဲကမှ ဒီဇင်ဘာ ၁၈ ရက်က  နောက်ထပ် ၁၂၈ ဦး ထွက်လာခဲ့သလို ဒီကနေ့မှာလည်း နောက်ထပ် ၁၀၀ ကျော် သွားကြိုဖို့ရှိတယ်လို့  ရှမ်းမြောက်ဒေသ စစ်ဘေးရှောင်ကူညီသူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“လူပေါင်းထောင်ချီ နေ့တိုင်း စားသောက်ဖို့လိုနေတာကို  လမ်းတွေပိတ်၊ တံတားလည်း ကျိုးနေတော့ အပြင်ကနေ ရိက္ခာပို့ဖို့လည်းမလွယ်ဘူး။ အထဲမှာ သက်ကြီးရွယ်အိုတွေရော၊ မီးနေသည်၊ ကိုယ်ဝန်ဆောင်နဲ့ လူမမာတွေလည်း ရှိတယ်။ သူတို့ ဆန်ပြုတ်ပဲ သောက်နေရတာ။ ဆရာတော်နဲ့ ရပ်မိရပ်ဖတွေက အပြင်ထွက်ခွင့်ပေးဖို့ စစ်တပ်ကို ခဏခဏသွားပြောပေမဲ့ ဟိုလွှဲချ ဒီလွှဲချနဲ့ မအောင်မြင်ဘူး။ အဲဒါကြောင့် ထွက်ပြေးကြတာ၊ ထွက်ပြေးတာတွေ့ရင်လည်း စစ်တပ်က သေနတ်နဲ့ လှမ်းပစ်သေးတယ်။ အဲဒါ အသက်စွန့်ပြီး ကျောင်းနောက်ဘက် ခြံစည်းရိုးကနေ ငုံ့ထွက် ရေချောင်းတွေကျော်၊ တောထဲကနေ ပန်ဖတ်တံတားထိ လာစောင့်၊ အဲဒီတော့မှ ကျနော်တို့ သွားကြိုလာတာပါခင်ဗျ။ ဒီနေ့လည်း နောက်ထပ် ၁၀၀ ကျော်လာဦးမယ်။”

ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေဟာ လမ်းမှာ ကိုးကန့်စစ်သားတွေနဲ့ တွေ့ပေမဲ့ သူတို့ကတော့ သွားခွင့်ပြုတယ်လို့ ဆိုပါတယ်။  

ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို  လားရှိုးမြို့ မန်ဆူကျောင်းတိုက်မှာ နေရာချထားပေးပြီး တိုက်ပွဲတွေ ငြိမ်နေတာကြောင့် စစ်ရှောင်တချို့ နေရပ်ပြန်သွားလို့ မူလက ၄၀၀၀ ကျော်ရှိရာကနေ ၂၀၀၀ ကျော် ၃၀၀၀ နီးပါးသာ ကျန်ရှိပါတယ်။ 

တနေရာစီ ပြန့်ကျဲနေတဲ့ စစ်ရှောင်တွေကို စုစည်းကာ မန်ဆူကျောင်းတိုက်နဲ့ ကေဘီစီခရစ်ယာန်ကျောင်းတိုက်မှာ နေရာချထားတယ်လို့  စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။

ဓာတ်ပုံ - သိန္နီမှ လားရှိုးသို့ ထွက်ပြေးလာသော စစ်ရှောင်များ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013