DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူဦးရေသုံးပုံတပုံ လူသားချင်းစာနာမှု အကူအညီများလိုအပ်နေဟု ကုလသတိပေး
DVB
·
December 19, 2023
မြန်မာ့လူဦးရေသုံးပုံတပုံ လူသားချင်းစာနာမှု အကူအညီများလိုအပ်နေဟု ကုလသတိပေး
Donate to DVB

မြန်မာ့လူဦးရေ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်လောက်ဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိ ပေးလိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်နီးပါးအကြာမှာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေဟာ ပိုမိုပြီးတော့ ဆိုးဝါးလာခဲ့တယ်လို့လည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အကြောက်တရားနဲ့ နေထိုင်နေရတဲ့ ပြည်သူတွေရဲ့  ပိုမိုနက်ရှိုင်းလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့အတူ မြန်မာနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် အခြေအနေဟာ ချောက်ကမ်းပါးမှာ ရပ်တည်နေတယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက် အရေအတွက်ဟာ စစ်အာ ဏာသိမ်းမှု မတိုင်ခင်ကထက် ၁၉ ဆနီးပါး ဖြစ်လာပြီး ကလေးသူငယ် ၆ သန်းလောက် ဒီအကျပ်အတည်းဒဏ်ကို ခံစားနေကြရကာ အဲဒီထဲမှာ ရွှေ့ပြောင်းနေထိုင်ရမှုတွေ၊ ကျန်း မာရေးစောင့်ရှောက်မှုနဲ့ ပညာရေးအခြေအနေ၊ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အာဟာရ ချို့တဲ့မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာ ၁၁ ရက်အထိ ရရှိထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လူဦးရေ ၂ ဒသမ ၆ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မနှစ်က ဒီအချိန်ကထက် ၁ ဒသမ ၁ သန်းလောက် ပိုပြီးတော့ မြင့်တက်လာခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီအရေအတွက်ဟာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်း သားလက်နက်ကိုင်တပ်တွေကြား ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာလ နှောင်းပိုင်းလောက်က စတင်ပြီးတော့ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၆၆၀,၀၀၀ ကျော် အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုထက် အခြေအနေပိုမိုဆိုးရွားလာပါက ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေဟာ လာမယ့် ၂၀၂၄ ခုနှစ်အတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပြီး အရပ်သားတွေအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံအတွက် ၂၀၂၄ ခုနှစ်အတွင်း အကူအညီလိုအပ်နေတဲ့ လူဦးရေ ၅ ဒသမ ၃ သန်းအတွက် ဦးစားပေး အရေးပေါ်အကူအညီ ပေးနိုင်ရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ် အများစုအနေနဲ့ ရန်ပုံငွေတွေ လုံလောက်မှု မရှိပေမယ့် မြန်မာနိုင်ငံကို မေ့လျော့နေတဲ့ အရေးပေါ် အခြေအနေ မဖြစ်စေရေး တားဆီးကာကွယ်ပေးဖို့အတွက် အားလုံး တတ်နိုင်သမျှ လုပ်ဆောင်ကြရမယ်လို့လည်း ဆိုပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013