
လျှပ်စစ်မီး ၂၄ နာရီ ရရှိမယ်ဆိုရင် မီတာခကို လက်ရှိပေးဆောင်တဲ့နှုန်းထက် နှစ်ဆကျော် ပေးဆောင်သွားမယ်ဆိုလို့ စက်ရုံ၊ အလုပ်ရုံတွေဘက်က စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနဆီ စုပေါင်းအဆိုပြု တင်ပြထားပေမဲ့ အခုအထိ အကြောင်းပြန်တာ မရှိသေးဘူးလို့ လုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။
ရန်ကုန်တိုင်းတွင်းရှိ စက်မှုဇုန်အလိုက် စက်ရုံ၊ အလုပ်ရုံတွေက ဇွန်လမှာ လက်မှတ်ရေးထိုး တင်ပြခဲ့ကြပေမဲ့ အခုအချိန်အထိ လျှပ်စစ်မီးပျက်မှုကို ဆိုးရွားစွာ ကြုံနေရဆဲဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက “အခြေအနေက အခုထိ ဘာမှမထူးသေးဘူး။ အဆိုပြုချက်ကို လက်မံ၊ မခံ အကြောင်းပြန်တယ်လို့လည်း မကြားမိဘူး။ အခုတောင် မီးဒီလောက်ပျက်နေတာ၊ နွေဆို ပိုဆိုးနိုင်လို့ အဲဒီအတွက် စိတ်ပူနေရတယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေအနေနဲ့ လက်ရှိမှာ သုံးစွဲတဲ့ပမာဏအလိုက် တယူနစ်ကို ၁၂၈ ကျပ်ကနေ ၁၈၀ ကျပ် ပေးဆောင်နေရတာဖြစ်ပြီး မီးပုံမှန်သုံးစွဲခွင့်ရရင် တယူနစ် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ပေးဆောင်မယ်ဆိုပြီး အဆိုပြုထားကြတာ ဖြစ်ပါတယ်။
မူလက အဲဒီလို မီတာခပိုရရှိဖို့အတွက် စစ်ကောင်စီဘက်ကနေ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေကို အဆိုပြုတင်ပြဖို့ လမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး တင်ပြမှုတွေ လုပ်ပြီးတဲ့နောက် လအတန်အကြာတိုင် နှုတ်ဆိတ်နေတာလို့ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။
အလတ်စားစက်မှုလုပ်ငန်းရှင်တဦးက “ကြည့်ရတာ မီးပေးနိုင်တဲ့အင်အားကို မရှိလို့နေမယ်။ စက်ရုံတွေကို ဦးစားပေး ပေးလိုက်ရင် အများပြည်သူအတွက် လျှပ်စစ်မီး မပေးနိုင်တော့တဲ့ အနေအထား ဖြစ်သွားနိုင်တယ်။ အဲဒါ ချိန်ဆနေပုံရတယ်” လို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး အလှည့်ကျ မီးပေးတဲ့စနစ်မျိုး မဟုတ်တော့ဘဲ ပေးချင်သလိုပေးတဲ့ အနေအထား ဖြစ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခုလို လျှပ်စစ်မီးပြတ်တောက်မှု များနေသလို စက်သုံးဆီဝယ်ယူရ ခက်ခဲတဲ့ အခြေအနေကြောင့် စက်ရုံအများစုဟာ လုပ်ငန်းပုံမှန်လည်ပတ်ဖို့ ခက်ခဲလာနေတယ်လို့လည်း လုပ်ငန်းရှင်တွေက ဆိုပါတယ်။
ဒါကြောင့် စက်ရုံတချို့ဟာ လျှပ်စစ်မီးပြတ်ချိန်နဲ့ မီးစက်မောင်းဖို့ ဆီမရှိချိန်တွေမှာ လုပ်ငန်းလည်ပတ်မှု ရပ်ထားကြရပြီး အော်ဒါအချိန်မီအပ်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။