DVB Logo
Home
မြန်မာသတင်း
ရွှေဘို ညောင်ဇင်းကြီးရွာက ပြည်သူ ၄,၈၀၀ ကျော် စစ်ရှောင်၊ မတ္တရာ၌ စစ်တပ်က ဖမ်းဆီးသူ ၁၄ ဦးရှိလာ
DVB
·
December 18, 2023
ရွှေဘို ညောင်ဇင်းကြီးရွာက ပြည်သူ ၄,၈၀၀ ကျော် စစ်ရှောင်၊ မတ္တရာ၌ စစ်တပ်က ဖမ်းဆီးသူ ၁၄ ဦးရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်းကြီးရွာကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အနီးအနား ကျေးရွာက ဒေသခံတွေ အပါအဝင် ပြည်သူ ၄,၈၀၀ ကျော် အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါဝာယ်။

အဆိုပါစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် ၃၆၁ စစ်တပ်ကနေ အင်အား ၈၀ လောက်နဲ့ စတင်စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ညောင်ဇင်းကြီးကျေးရွာသားတဦးက “စစ်ကြောင်းက အရင်စစ်ကြောင်းတွေလို မဟုတ်တော့ဘူးဗျ။ သူတို့ စစ်ကြောင်းအရင် ကင်းထောက်ဒရုန်းနဲ့ အရင်ကြည့်တယ်။ အဲလိုကြည့်ပြီး ဗုံးသီးတွေချတယ်ဗျ။ ဒရုန်းတွေက သွားလိုက်ပြန်လိုက်နဲ့ ရွာထဲနေလို့လည်း မရဘူး။ ရွာသားတွေလည်း ကြောက်လန့်ပြီး အကုန်ထွက်ပြေးနေကြတယ်။ အခု မနက်ခင်း ၇ နာရီကျော်တော့ စစ်ကြောင်းက ရွာအနီးရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရွာထဲဝင်နေပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် ညောင်ဇင်းကြီးကျေးရွာ အပါအဝင် မင်းကုန်း၊ ကိုးမြို့၊ ဖလံချိုင်၊ သရက်ကောင်း၊‌ တောင့်တည်းကုန်း စတဲ့ ကျေးရွာတွေက ပြည်သူ ၄,၈၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒေသတွင်း စစ်ဘေးရှောင်ကူညီပေးနေသူတဦးက “စစ်ဘေးရှောင်ကတော့ များတယ်။ လူဦးရေ ၄,၈၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်။ အစားအသောက်ကတော့ ဒေသခံအချင်းချင်း မျှတ ဝေငှစားရတာပေါ့။ အကူအညီကလည်း သိပ်မရှိဘူး” လို့ ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေရဲ့ ရိတ်သိမ်းခါနီး ကောက်ပဲသီးနှံ မရိတ်သိမ်းရဘဲ ထွက်ပြေးနေရတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာတော့ ဒီဇင်ဘာ ၁ ရက်ကနေ ၁၇ ရက်အထိ စစ်တပ်က ဖမ်းဆီးခဲ့သူ ၁၄ ယောက်ရှိလာပြီး အဲဒီထဲမှာ တိုင်းအန်အယ်လ်ဒီအမတ် ဦးမင်းမင်းရဲ့ဖခင် အသက် ၈၀ အရွယ် သက်ကြီးအမျိုးသားလည်း ပါဝင်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်မှာ လွှတ်တော်အမတ် ဦးမင်းမင်းရဲ့ အသက် ၈၀ အရွယ် ဖခင်ကို မတ္တရာမြို့တွင်းက နေအိမ်မှာ ကားနဲ့လာရောက်ပြီး အဓမ္မဆွဲခေါ် ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

မတ္တရာမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လွှတ်တော်အမတ် ဦးမင်းမင်းရဲ့ဖခင် အပါအဝင် ၁၇ ရက်အတွင်း အဖမ်းခံရသူ ၆ ယောက်၊ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်တယ်လို့ဆိုကာ အဖမ်းခံရသူ ၄ ယောက်နဲ့ NUG ကို ထောက်ပံ့နေတယ်လို့ဆိုပြီး စွပ်စွဲဖမ်းခံရသူ ၃ ယောက် ရှိလာပြီလို့ ဆိုပါတယ်။

ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က “ကျန်တဲ့သူတွေကိုတော့ ထောက်ပို့လုပ်တယ် ဘာညာဆိုပြီး ဖမ်းတာပဲ။ ဦးမင်းမင်းရဲ့ အဖေကိုတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့ လူတယောက်ကို အင်အားအလုံးအရင်းနဲ့ နေအိမ်ကို ဝိုင်းပြီး ဖမ်းသွားတာ။ မိသားစုတွေ စိတ်ပူနေတယ်” လို့ ပြောပါတယ်။

တိုင်းအမတ် ဦမင်းမင်းကတော့ စစ်အာဏာသိမ်းပြီးနောက် နေအိမ်က ရှောင်တိမ်းနေတာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး မိသားစုနဲ့လည်း အဆက်အသွယ် ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

အဖမ်းခံသူတွေဟာ လူငယ်ပိုင်းအရွယ် အမျိုးသားတွေချည်းပဲဖြစ်ပြီး ဦမင်းမင်းရဲ့ဖခင် အပါအဝင် လူငယ်တွေကို စစ်ကောင်စီက ဘယ်ကိုဖမ်းသွားတယ်၊ ဘယ်မှာချုပ်နှောင်ထားတယ် ဆိုတာကို မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013