DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိပြီးနောက် TNLA က မိုင်းနှင့် လက်နက်များကို ရှင်းလင်း
DVB
·
December 18, 2023
နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိပြီးနောက် TNLA က မိုင်းနှင့် လက်နက်များကို ရှင်းလင်း
Donate to DVB

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)  အနေနဲ့ နမ့်ဆန်မြို့ကိုသိမ်းပိုက်အပြီးမှာ မိုင်းနဲ့လက်နက်အကြွင်းအကျန်တွေကို ရှင်းလင်းနေသလို ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

TNLA တပ်ဖွဲ့တွေ အနေနဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့က တပ်စခန်းတွေကို ၆ ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာပါ။

နှစ်ပေါင်း ၆၀ ကျော်ကြာအခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ စစ်တပ်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်မှာထုတ်ပြန်ခဲ့တာပါ။

နမ့်ဆန်မြို့ကိုသိမ်းပိုက်အပြီးရက်ပိုင်းအကြာ ဒီဇင်ဘာ ၁၈ ရက်မှာတော့ လူထုတွေ ပြန်နေထိုင်လို့ရအောင် လုပ်ငန်းတွေဆောင်ရွက်နေပြီလို့ TNLA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“ပြည်သူလူထုရဲ့ အသက်အန္တရာယ်လုံခြုံဖို့အတွက် လက်နက်ကြွင်း၊ လက်နက်ကျန်တွေ၊ မိုင်းကြွင်း မိုင်းကျန်တွေ ရှင်းလင်းနေတာတွေ ရှိတယ်။ နောက်တစ်ခုက ခိုးဆိုးလုယက်မှုတွေ မရှိအောင် ကျနော်တို့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ၊ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ။”

နမ့်ဆန်မြို့ကို TNLA က တိုက်ခိုက်ခဲ့တုန်းက မန်တုံ ခလရ (၁၃၀) ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို  တိုက်လေယာဉ်နဲ့ ၁၉ ကြိမ်အပါအဝင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် နမ့်ဆန်ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်ဆီးခဲ့ရသလို လူနေအိမ် ၄၀ ကျော် လေယာဥ်ဗုံးစထိမှန်ပျက်စီးခဲ့ရပြီး နောက်ထပ် လူနေအိမ် ၁၄ လုံးလည်း မီးလောင်ခဲ့ကြောင်း TNLA  ကထုတ်ပြန်ထားပါတယ်။

TNLA က သိမ်းပိုက်ပြီးနောက်ပိုင်းမှာလည်း မြို့ပေါ်ကို လက်နက်ကြီးတွေအပြင် လေကြောင်း ပစ်ခတ်မှုတွေ ဆက်ရှိနေတာကြောင့် မြို့ခံအများစု ပြန်လည်မနေထိုင်ရဲကြသေးဘူးလို့ နမ့်ဆန်ဒေသခံတစ်ယောက် ပြောပြပါတယ်။

“မြို့အနေအထားက နဂိုပုံမှန်အတိုင်းတော့ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူထုဒေသခံတွေအနေနဲ့ကလည်း စိုးရိမ်စိတ်တွေရှိနေသေးတယ်။ ဒါ့အပြင် နေ့စဉ်ရက်ဆက် စစ်ကောင်စီကလည်း တောက်လျှောက် လေယာဉ်နဲ့ နေ့ရော၊ ညရော စစ်ရေးဆိုင်ရာလှုပ်ရှားမှုမဟုတ်တဲ့နေရာတွေကို ပစ်နေတာဖြစ်လို့ မြို့က ပုံမှန်လည်ပတ်နိုင်ခြင်းမတော့ ရှိသေးပါဘူးခင်ဗျ။”

၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ နမ့်ဆန်မြို့နယ်မှာ လူဦးရေ ၇၂,၀၀၀ ကျော်ရှိပြီး မြို့နေလူထုကတော့ ၄၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြို့နေလူထုအားလုံးနီးပါး စစ်ရှောင်နေရပြီး ဒုက္ခသည်စခန်းမရှိဘဲ နီးစပ်ရာတွေကို ရှောင်ပြေးကြတာဖြစ်လို့ စာရင်းအတိအကျကို မသိရနိုင်ဘူးလို့ဆိုပါတယ်။

TNLA ဘက်က တပ်မဟာ (၂) အဖြစ် သတ်မှတ်ထားတဲ့  “နမ့်ဆန်မြို” ဟာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) နဲ့ လက်အောက်ခံတပ်ဖြစ်တဲ့ ခလရ (၂၅၈) အပြင် ထောက်ပို့တပ် အမှတ် (၆၂၆/ ၉၂၉) တို့စခန်းချရာ မြိုကြီးတစ်မြို ဖြစ်ပါတယ်။

နမ့်ဆန်တိုက်ပွဲမှာ ဟောင်ဝစ်ဇာအမြောက် ၄ ခု သိမ်းဆည်းရမိခဲ့ကာ  စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးခဲ့ပြီး နောက်ထပ် တပ်သား ယောက် ၃၀  အပါအဝင် မိသားစုဝင် ၃ ယောက်ကိုဖမ်းမိခဲ့တယ်လို့ TNLA ကဆိုပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲဝင် ၆ ယောက်နဲ့ မိသားစုဝင် ၂၅ ယောက်၊  အားလုံးပေါင်းရင် စုစုပေါင်း ၆၄ ယောက်ကို ဖမ်းမိခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ နမ့်ဆန််မြို့အသိမ်းခံရတာနဲ့ ပက်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

TNLA တပ်ဖွဲ့တွေ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ၅၃ ရက်တာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၆၀ ကျော်ကိုသိမ်းပိုက်နိုင်ထားတယ်လို့လည်း သိရပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013