DVB Logo
Home
နိုင်ငံတကာ
တောဝက်ဘောလုံးအသင်း ပိတ်မိခဲ့သည့် မယ်ဆိုင်ဂူအတွင်း အခကြေးငွေပေးပြီး ဝင်လေ့လာနိုင် 
DVB
·
December 18, 2023
တောဝက်ဘောလုံးအသင်း ပိတ်မိခဲ့သည့် မယ်ဆိုင်ဂူအတွင်း အခကြေးငွေပေးပြီး ဝင်လေ့လာနိုင် 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်က တောဝက် အကယ်ဒမီဘောလုံးအသင်းနည်းပြ ၁ ဦးနဲ့ လူငယ်အသင်းသား ၁၂ ဦးတို့ ဝင်ရောက်ပိတ်မိခဲ့တဲ့ မယ်ဆိုင်လိုဏ်ဂူကြီးအတွင်းပိုင်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်ဖို့ သက်ဆိုင်ရာက ခွင့်ပြုလိုက်ကြောင်း ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဂူကြီးမှာ ဒွိုင်နန်းနွန်းတောင်ကြောထဲမှာ တည်ရှိပြီး အရင်က ဂူပေါက်ဝကနေ လိုဏ်ခေါင်းအမှတ် ၁ ထိ အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့် ပြုထားပေမဲ့ ဒီလ ၁၅ ရက်ကနေ စပြီးတော့ လိုဏ်ခေါင်းအမှတ် ၃ အထိ ဝင်ရောက်လေ့လာခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ လိုဏ်ခေါင်းအမှတ် ၂ နဲ့ အမှတ် ၃ အထိမှာ ဂူပေါက်ဝကနေ ၁ ကီလိုမီတာနီးပါး ကွာဝေးပြီး အန္တရာယ်များတဲ့အတွက် တာဝန်ရှိသူတွေက ဘေးကင်းစေရေး အစစအရာရာ ပြင်ဆင်ပြီး နှစ်အတော်ကြာမှ ဝင်ရောက်လေ့လာခွင့် ပြုလိုက်တာပါ။

ဂူအပေါက်ဝကနေ အမှတ် ၃ လိုဏ်ခေါင်းကြီးအထိ ဝင်ရောက်လေ့လာမယ်ဆိုရင် တောဝက်လူငယ် ၁၃ ဦး ဝင်ရောက်သွားတာကို စိတ်လှုပ်ရှားဖွယ် ခံစားသိရှိနိုင်မှာဖြစ်ကြောင်း၊ ဒီဂူတွင်းခရီးမှာ ကျဉ်းမြောင်းတဲ့ ကျောက်ဆောင် ကျောက်တုံးတွေအောက် ငုံ့လျှိုးတွားသွားဝင်ရမယ့်နေရာရှိပါတယ်။

တချို့နေရာမှာ မတ်စောက်တဲ့ ကျောက်တောင်ပေါ် တွယ်တက်ရမယ်၊ တချို့နေရာမှာ ရေညှိတွေနဲ့ချော်နေတဲ့ ကျောက်ဖျာတွေပေါ် လျှောက်သွားရမယ်၊ အဲဒီလို စွန့်စားခန်းတွေနဲ့အတူ အံ့သြဖွယ်ရာ လှပနေတဲ့ သဘာဝရောင်စုံကျောက်တုံးကျောက်ခဲတွေ၊ ကျောက်ပန်းဆွဲတွေ၊ တစိမ့်စိမ့် ယိုကျနေတဲ့ ကျောက်စက်ရေတွေ တွေ့ရမယ်၊ စိတ်လှုပ်ရှားဘွယ်နဲ့ ဆန်းကျယ်တဲ့ ဂူတွင်းအလှအပတွေ ခံစားရမယ့်အပြင် လူငယ် ၁၃ ယောက်ရဲ့ စွန့်စားခန်းနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို သိရဖို့ ဂူတွင်းအမှောင်ထဲမှာ ၂ မိနစ်ကြာ မီးပိတ်ပြီး နေကြည့်ရမယ်လို့ မယ်ဆိုင်ဂူတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် ဂူထဲမှာလည်း လူငယ် ၁၃ ဦးကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေးပစ္စည်းကိရိယာတွေ ဒီတိုင်းထားထားပြီး သူတို့ကို ဘယ်လိုကယ်ထုတ်ခဲ့ရသလဲ ဆိုတာကို လမ်းပြတွေက လိုက်လံရှင်းပြပေးမှာ ဖြစ်ပါတယ်။

ဂူတွင်းလေ့လာချိန် ၂ နာရီလောက် ကြာမြင့်မှာဖြစ်ပြီး မိမိဘာသာ ဝင်ရောက်ခွင့်မပြုဘဲ ဂူတွင်းဝန်ထမ်း/လမ်းပြတွေနောက် လိုက်သွားရမယ်၊ တနေ့ကို ၂ ကြိမ်၊ တကြိမ် လူ ၁၀ ဦးသာ ဝင်ခွင့်ပြုမှာဖြစ်ကြောင်း၊ ဝင်ကြေးအနေနဲ့ ထိုင်းနိုင်ငံသား ဘတ် ၉၅၀၊ နိုင်ငံခြားသား ဘတ် ၁,၅၀၀ သတ်မှတ်ထားပြီး မယ်ဆိုင်ဒေသခံဆိုရင်တော့ လျှော့ပေါ့ပေးမယ်လို့ ဆိုပါတယ်။

ဝင်ရောက်လည်ပတ်သူတွေဟာ မယ်ဆိုင်အမျိုးသားဉယျာဉ်ဝက်ဘ်ဆိုက်၊ QR ကုတ်ကနေ ၇ ရက်အလို ကြိုတင်ဘွတ်ကင်လုပ်ထားရမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

တောဝက်အကယ်ဒမီဘောလုံးအသင်းအဖွဲ့ဝင် ၁၃ ‌ယောက်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဂူထဲ ဝင်ရောက်လေ့လာစဉ် မိုးရွာလာပြီး ဂူထဲမှာ ရေကြီးရေလျှံ ဖြစ်လာတာကြောင့် ပြန်ထွက်လို့ မရတော့ဘဲ အလင်းရောင်မဲ့ အမှောင်ထဲမှာ အစာရေစာမရှိ၊ အ‌နွေးထည်မရှိဘဲ တပတ်ကြာ ပိတ်မိနေခဲ့တာပါ။ သူတို့ကိုကယ်တင်ဖို့ ထိုင်းနဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးသမား ထောင်နဲ့ချီ ရောက်လာခဲ့ပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ရာမှာ နောက်ဆုံးတော့ ရေငုပ်သမားတွေက ရေတွေဖြတ်ကျော်ပြီး သွားရောက်ကယ်တင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ရုပ်ရှင်တွေ၊ ရုပ်သံမှတ်တမ်းတွေ ရိုက်ကူးကြတဲ့ထိ ကမ္ဘာကျော်သွားခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်စဉ် ရေတပ်သား ကြာဆဲမ်းဆိုသူ ဂူထဲမှာ အောက်စီဂျင်ပြတ် သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ချင်းရိုင်းခရိုင်ဝန် အိုးဆုခ်ထနားဂွဏ်းမှာ ကင်ဆာရောဂါနဲ့ မနှစ်က ကွယ်လွန်သွားပါတယ်။

ဂူတွင်းကလွတ်လာတဲ့ လူငယ် ၁၃ ဦးအနက် နောင့်တွမ့်ဆိုသူ လူငယ်မှာ အင်္ဂလန်နိုင်ငံမှာ ပညာသင်ထောက်ပံ့ကြေးနဲ့ ကျောင်းတက်စဉ် အခုခုနှစ်ထဲမှာပဲ အသက်ရှူလမ်းကြောင်းပိတ်ပြီး သေဆုံးသွားခဲ့ပါတယ်။

ကွယ်လွန်သူ ၃ ဦးအတွက် ရည်စူးတဲ့ အလှူအတန်းတခုကို ဂူတာဝန်ရှိသူတွေက ဂူဖွင့်ပွဲလုပ်တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပပေးခဲ့ပါတယ်။

ကိုးကား - Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013