DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆန်ဈေး အဆမတန်မြင့်တက်၊ အခြေခံလူတန်းစားများ ဆန်ကွဲစားနေရ
DVB
·
December 18, 2023
ဧရာဝတီတိုင်းတွင် ဆန်ဈေး အဆမတန်မြင့်တက်၊ အခြေခံလူတန်းစားများ ဆန်ကွဲစားနေရ
Donate to DVB

စပါးအဓိကစိုက်ပျိုးထုတ်လုပ်ပြီး ဆန်အများဆုံးထွက်ရှိတဲ့ ဧရာဝတီတိုင်းမှာ ဆန်ဈေး အဆမတန် ထိုးတက်လာလို့ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်ပေါ်နေပြီး ဆန်ကွဲစားနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရက်ပိုင်းအတွင်း ဆန်ဈေး သိသိသာသာ မြင့်တက်လာပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းအထိ ပေါ်ဆန်းမွှေး ဆန်ချောတအိတ်ကို ငွေကျပ် ၇၀,၀၀၀၊ ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၄၇,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိမှာတော့ ပေါ်ဆန်းမွှေးဆန်ချောတအိတ်ကို ၁၁၀,၀၀၀ နဲ့ ၁၂၅,၀၀၀ အထိ၊ ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၇၉,၀၀၀ နဲ့ ၉၅,၀၀၀ အထိ ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

ငပုတောမြို့နယ် ဒေသခံတဦးက “ကိုယ်ရောင်းတဲ့ ရောင်းကုန်ကျတော့ ဈေးမရှိဘူး၊ ကိုယ်ဝယ်ရမယ့်ဟာက အရင်ထက် ဈေး ၃ ဆလောက် တက်နေတာ။ အရင်က ငွေ ၁ သိန်းရှိရင် ဆန် ၂ အိတ်ကျော်ကျော်လောက် ဝယ်လို့ရတယ်။ အခုက ဆန်တအိတ်တောင် မရချင်တော့ဘူး။ ဒီရက်ပိုင်းအတွင်း ထိုးတက်လာတာ။ စပါးသစ်ပေါ်လို့ ဈေးကျသွားမယ်ထင်တာ။ အခု ရွာဘက်မှာ တချို့က ဆန်ပြုတ်သောက်နေရတယ်။ တချို့က မနက်နဲ့ည ပေါင်းစားနေရတယ်။ ဆန်မစားနိုင်တော့လို့ ဆန်ကွဲစားနေရတဲ့သူတွေလည်း ရှိနေတယ်။ တချို့ စားနိုင်သောက်နိုင် ရှိသူတွေတောင် အာဏာမသိမ်းခင်က ဆန်ကောင်းတွေကိုပဲ ဝယ်စားခဲ့တာ ပေါ်ဆန်းဆန်ပေါ့။ အခု ဆန်ကြမ်းဝယ်စားနိုင်ဖို့အတွက်တောင် မနည်းလုပ်နေရတယ်တဲ့။ ဆန်တွေ စပါးတွေ အများဆုံးထွက်တဲ့ ကိုယ့်ဒေသမှာတောင် အဲဒီလိုဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းမှာ  စပါးစိုက်ပျိုးမှု လျော့နည်းလာတာ၊ စိုက်ပျိုးရေးသုံးဆေးဝါးတွေ ဈေးအဆမတန် တက်လာတဲ့အတွက် အပြည့်အဝ မသုံးနိုင်တော့တာ စတဲ့အခက်အခဲတွေကြောင့် စပါးအထွက် လျော့ကျကာ ဆန်ဈေး မြင့်တက်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသထွက် ဆန်စပါး အထွက်နည်းနေပေမဲ့ ပြည်တွင်းကနေ ဆန်တွေကို စစ်ကောင်စီက ပြည်ပဈေးကွက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အများအပြား တင်ပို့ခဲ့တာကြောင့်လည်း အခုလို ဆန်ဈေးထိုးတက်လာတာဖြစ်တယ်လို့ ဆန်စပါး ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “ဆန်ဈေး အရမ်းတက်လာတယ်၊ အခုရက်ပိုင်းတွေဆိုရင် ပိုဆိုးတာပေါ့။ အရောင်းအဝယ် လုပ်ရတာလည်း အဆင်မပြေတော့ဘူး။ အငတ်ဘေးဆိုက်တော့မယ်။ အခုပေါက်နေတဲ့ ဆန်ဈေးက ရောင်းရတာလည်း မကောင်းသလို ဝယ်ရတာလည်း မကောင်းဘူး။ ဒီအတိုင်းဆို မလွယ်ဘူး။ လက်ရှိ ဆတ်လပ်ကြီး ဆန်ကွဲတမျိုးပေါ့နော်၊ အဲ့ဒီဆန်ကွဲ အဝယ်များနေတယ်။ ဆန်မစားနိုင်တော့ဘူးလေ။ အခြေခံလူတန်းစားတွေပဲ ငတ်နေတာမဟုတ်ဘူး၊ စားနိုင်သောက်နိုင်သူတွေပါ ငတ်လာပြီ။ ဧရာဝတီတိုင်းမှာ အခုလို အဖြစ်ဆိုးကြုံရတာ အာဏာသိမ်းတဲ့ အကျိုးဆက်ပေါ့” လို့ ပြောပါတယ်။

အခုလို ဆန်ဈေး စပါးဈေးတွေ အဆမတန် ထိုးတက်နေတာဟာ ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အမြင့်ဆုံးဈေးဖြစ်ပြီး ဧရာဝတီတိုင်းသားတွေလည်း ဆန်ကွဲစားရတာ ပထမဆုံးပဲလို့ သိရပါတယ်။

အဆမတန် ထိုးတက်လာတဲ့ ဆန်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလလောက်က အခြေခံစပါး ရည်ညွှန်းဈေးကို သတ်မှတ်ခဲ့ပြီး ဆန်အိတ် ၁,၀၀၀ နဲ့ စပါးတင်းရေ ၅,၀၀၀ အထက် သိုလှောင်ထားတဲ့သူတွေကို လိုင်စင်လုပ်ရမယ်ဆိုပြီး စစ်ကောင်စီက သတ်မှတ်ကြေညာခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013