
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲပြီးတာနဲ့တပြိုင်နက် ပြည်သူတွေလွတ်မြောက်ရေး ဆောင်ကြဉ်းဖို့ ဟားမတ်စ်တွေအပါအဝင် ပါလက်စတိုင်း ဂိုဏ်းကွဲတွေ အားလုံးက သူတို့ရဲ့ မူဝါဒတွေ မအောင်မမြင်ဖြစ်တာကို အလေးအနက်ထား ကြည့်ရှုစစ်ဆေးရလိမ့်မယ်လို့ ပါလက်စတိုင်း ထိပ်တန်းအာဏာပိုင် အရာရှိတယောက်က အနောက်ဘက်ကမ်းဒေသမှာ လုပ်တဲ့ လူတွေ့မေးမြန်းခန်းအတွင်း ဒီဇင်ဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ရဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့က အတွင်းရေးမှူးချုပ် ဟူစိန်အယ်လ်ရှိတ်ခ်က ခုလို ပြောလိုက်တာဖြစ်ပြီး သူ့ကို လူတချို့က ပါလက်စတိုင်းသမ္မတနေရာကို ဆက်ခံမယ့်သူအဖြစ် ရှုမြင်ထားကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲရဲ့ အဦးအစဖြစ်တဲ့ ဟားမတ်စ်တွေရဲ့ အစ္စရေးကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှု နောက်ပိုင်းမှာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က အကြီးတန်းအရာရှိတယောက်က ဟားမတ်စ်တွေရဲ့ နည်းဗျူဟာအပေါ် ပထမဆုံး လူသိရှင်ကြား မှတ်ချက်ပေးတာလည်း ဖြစ်ပါတယ်။
ဟားမတ်စ်တွေရဲ့လုပ်ရပ်ကို အစ္စရေးက ကြည်းရေလေ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင် တုံ့ပြန်ခဲ့လို့ ပါလက်စတိုင်းဦးရေ ၁၉,၀၀၀ ကျော် သေဆုံးခဲ့ပြီး အယောက် ၇,၀၀၀ ကျော်က စစ်အတွင်း အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးခဲ့ပါတယ်။ သိန်းချီတဲ့လူတွေက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။
အော်စလို ငြိမ်းချမ်းရေးသဘောတူညီချက်အောက်က နိုင်ငံရေးလမ်းကြောင်းလည်း ယိမ်းယိုင်ခဲ့ရတယ်၊ ၁၉၆၇ ခုနှစ်မတိုင်ခင်က နယ်စပ်မျဉ်းတွေအတွင်း ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေး ပါလက်စတိုင်းပြည်သူတွေရဲ့ ရည်မှန်းချက်ကိုလည်း အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူးလို့ သူက အသိအမှတ်ပြု ပြောဆိုပါတယ်။
ရှိတ်ခ်နဲ့ အာဘတ်စ်တို့ဟာ အမေရိကန် သမ္မတအိမ်ဖြူတော်က အကြီးတန်း လက်ထောက် ဂျိတ်ခ် ဆူလေဗန်နဲ့ ရာမယ်လာမြို့မှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။
အနောက်ဘက်ကမ်း၊ ဂါဇာကမ်းမြောင်းနဲ့ အရှေ့ဂျေရုဆလင်တို့ပါတဲ့ ပြည့်စုံကျယ်ပြန့်တဲ့ အဖြေတရပ် ရရှိရေး အစ္စရေးကို သိမ်းသွင်းစည်းရုံးဖို့ လိုအပ်နေတဲ့ နိုင်ငံတကာ အားထုတ်မှုအသစ်တရပ်ကို ပါလက်စတိုင်းတွေက သူ့ကို ပြောခဲ့တယ်လို့ ရှိတ်ခ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ် ဖြစ်ပြီး စစ်အပြီးမှာ ဂါဇာကိုထိန်းချုပ်ဖို့ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့လည်း ရှိတ်ခ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters











