
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဖာ့လုံမြို့နယ်၊ မြန်မာနယ်စပ်အနီးမှာ မူးယစ် ဆေးဝါးသယ်ဆောင်လာသူ လူတစ်စုနဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေကြား ဒီဇင်ဘာ ၁၆ ရက်ညက ပစ်ခတ်မှုဖြစ်ပြီး မူးယစ်သယ်လာသူ ၁၅ ယောက်သေဆုံးကာ စိတ်ကြွဆေး အလုံးရေ ၂ သန်းကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထပ်ကျောက်တာ့ခ်စစ်ကြောင်းက ထိုင်းတပ်ဖွဲ့ဝင်တွေဟာ မယ်ဖာ့လုံမြို့နယ် ဘန့်ထိုတ်ထိုင်းအုပ်စု ဘန်မဟန်ကျေးရွာတဝိုက် နယ်လှည့်လုံခြုံရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီကျော်လောက်မှာ မြန်မာနယ်စပ်နဲ့ ၄၀၀ မီတာအကွာ တောင်ပေါ်ကို အထုပ်တွေထမ်းပြီး တက်လာတဲ့ လူ ၁၀ ယောက်ကျော်ကို တွေ့ခဲ့တယ်လို့ စစ်ကြောင်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
သူတို့ကိုစစ်ဆေးဖို့အတွက် လူလုံးထွက်ပြပြီး ရပ်မိန့်ပေးလိုက်စဉ် တဘက်က အမျိုးအစားမသိ သေနတ်နဲ့ဦးစွာပစ်ခတ်လာတဲ့အတွက် ထိုင်းစစ်တပ်က ပြန်ပစ်ခဲ့ကြောင်း၊ ၅ မိနစ်လောက် ပစ်ခတ်ပြီး အသံတွေငြိမ်သွားတဲ့အခါ ညမှောင်ထဲ စစ်ဆေးရေးမလုပ်နိုင်သေးတဲ့အတွက် အဖွဲ့ ၂ ဖွဲ့ခွဲပြီး နယ်မြေကိုထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ ရက်မနက်စောစောကျမှ နယ်မြေခံရဲ၊ မူးယစ်ဆးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူး၊ သက်သေစစ်ဆေးရေးတပ်ဖွဲ့၊ မှုခင်းဆရာဝန်တွေနဲ့အတူ အဆိုပါနေရာကို ပြန်လာ စစ်ဆေးရာမှာ အလောင်း ၁၅ လောင်းနဲ့ ကျောပိုးအိတ်လိုလုပ်ထားတဲ့မြွေရေခွံအိတ် ၁၇ အိတ်၊ ရိုင်ဖယ်သေနတ် ၁ လက်ကို သိမ်းဆည်းရမိကြောင်း၊ အဆိုပါအိတ်တွေထဲမှာ Y1 နဲ့ 999 အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား စုစုပေါင်း ၂,၀၄၀,၀၀၀ ( နှစ်သန်းလေးသောင်း ) ပါ ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိမူးယစ်ဆေးဝါးတွေကို ဗဟိုမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ ပို့ဆောင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာက တရားဝင်သတင်းစာရှင်းပွဲထပ်လုပ်ဖို့ရှိတယ်လို့ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက် တနေ့တည်း ခရိုင်တစ်ခုတည်းမှာဘဲ နောက်ထပ် စိတ်ကြွဆေး ၁ သန်းကျော်ကို ဖမ်းမိခဲ့ပါသေးတယ်။
ဒီမတိုင်ခင် ဒီဇင်ဘာ ၁၅ ရက်ညက ချင်းရိုင်းခရိုင်၊ မဲ့ယောင်းမြို့နယ်ထဲမှာ မသင်္ကာဘွယ်ကား ၁ စီးက စစ်ဆေးရေးဂိတ်ကိုရှောင်ပြီး မှောင်ရိပ်ခိုကာ ကျေးရွာတစ်ခုတည်းကို မောင်းဝင် ပျောက်ကွယ်သွားခဲ့ပါတယ်။
နောက်တနေ့မှာ တာဝန်ရှိသူတွေက ရွာသူကြီးထံခွင့်ပန်ပြီး ရွာထဲလိုက်ရှာရာမှာ မနေ့ညက ကားရပ်ထားတဲ့ အိမ်ဝင်းတစ်ခုတည်း ဝင်ရောက်စစ်ဆးခဲ့ပါတယ်။
အဆိုပါအိမ်ဝင်းထဲမှာ ကောက်ရိုးပုံတွေထဲ ဝှက်ထားတဲ့ www တံဆိပ်ပါ စိတ်ကြွဆေးအလုံးရေ ၁,၁၁၈,၀၀၀ တွေ့ရှိခဲ့ပြီး ယာဉ်မောင်းသမားက ထွက်ပြေးလွတ်မြောက်နေပါတယ်။ အဆိုပါယာဉ်မောင်းမှာ အသက် ၂၄ နှစ်ရွယ် လားဟူတိုင်းရင်းသား ကျာကြဲဆိုသူဖြစ်ပြီး ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်က ထိုင်းမှတ်ပုံတင် ကိုင်ဆောင်သူလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူ့ကိုဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းရှာဖွေနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Maesai press











