Home
ဆောင်းပါး
အဓမ္မစစ်သား စုဆောင်းခံရသည့် အကျဉ်းထောင်ထဲက တပ်ပြေးများ  
DVB
·
December 18, 2023
Article_18122023

မြန်မာနိုင်ငံက အကျဉ်းထောင်တွေအသီးသီးမှာရှိတဲ့ တပ်ပြေး၊ ရဲပြေး၊ စစ်စည်းကမ်း ဖောက်ဖျက်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုပြီး ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

နောက် ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ ထောင်အသီးသီးက တပ်ပြေး၊ ရဲပြေးတွေကို နီးစပ်ရာ စစ်တပ်က ထောင်တွေထဲကိုဝင်ပြီး သေနတ်ထောက် ခေါ်သွားတယ်လို့ သတင်းဌာနတချို့မှာ ရေးသားဖော်ပြတာတွေ ဖတ်လိုက်ရပါတယ်။

ပြည်ထောင်၊ ပေါင်းတည်ထောင်၊ သာယာဝတီထောင်က စစ်ပြေးတွေကို ထောင်အာဏာပိုင်က အတင်းလက်မှတ်ထိုးပြီး လာခေါ်တဲ့ စစ်တပ်နောက်ကို ထည့်ပေးလိုက်ရပါတယ်။

တကယ်က အဲ့ဒီသူတွေက စစ်တပ်က ထွက်ခွင့်မပြုလို့ တမင်ထောင်ကျခံပြီး တပ်က ထွက်ခွင့်ရအောင် လုပ်နေကြတာပါ။

အဝင်သာရှိပြီး အထွက်မရှိတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်

စစ်တပ်ထဲကိုဝင်ရင် ၅ နှစ်စာချုပ်နှစ်ခုကို တပြိုင်နက် ရေးထိုးပြီးမှ တပ်ထဲဝင်ခွင့်ရတယ်။ စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်ပါ့မယ်ဆိုပြီး စာချုပ် လက်မှတ်ရေးထိုးထားရတာ။ ဒါပေမဲ့ စစ်သက် ၁၀ နှစ်ပြည့်လို့ ထွက်မယ်ဆိုရင် ထွက်ခွင့်မရှိပါဘူး။ အဲ့ဒီအတွက် စစ်တပ်ကို ပြန်တရားစွဲဆိုနိုင်တဲ့သူလည်း မရှိခဲ့ဘူးသလို လုပ်သက် ၁၀ ကျော် လုပ်ခဲ့ပြီး တပ်ကနေ ထွက်ပြေးခဲ့တဲ့သူတယောက်ကို စစ်ခုံရုံးက ထောင်ချတော့ သူ့လုပ်သက် ၁၀ နှစ်ပြည့်သွားပြီ ဖြစ်တာကြောင့် သူ့ကို ထွက်ခွင့်ပြုပါလို့ ပြန်လှန်ချေပပြီး တပ်ကထွက်ခွင့်ရခဲ့သူ တယောက်မှ မရှိခဲ့ပါဘူး။ တရားသူကြီးလုပ်သူ တပ်ရင်းမှူး ဗိုလ်မှူးကြီးရဲ့ ပါးစပ်ကထွက်တဲ့ အမိန့်အတိုင်း ထောင်ဒဏ်(...) ကျစေပါပဲ။

နတ်စိမ်းများသဖွယ် လူစားထိုးလဲရတဲ့စနစ်

“တပ်ကနေ ထွက်ခွင့်မရခဲ့တာ ဗိုလ်နေဝင်းခေတ် နောက်ပိုင်းမှာ ဖြစ်သွားတာပဲ။ အရင်ကတော့ ထွက်လို့ရပါသေးတယ်။ အခုက ထွက်ချင်ရင် တပ်သားသစ် ၃ ယောက်ကနေ ၅ ယောက်အထိ ရှာပြီး ပြန်ထည့်ပေးမှ ထွက်လို့ရတာ။ အရင်က အရပ်ထဲမှာ အဘိုးအဘွားတွေ ပြောပြတာ ကြားဖူးပါတယ်။ မက်စောက်တဲ့ကားလမ်းတို့ ချောက်ကမ်းပါးဘေးက ကားလမ်းတွေမှာ ကားတွေ တိမ်းမှောက်ပြီး သေကြတာ မကြာခဏကြားရတော့ ရှေးလူကြီးတွေက အရင်သေသွားတဲ့လူက အဲ့ဒီချောက်တနေရာရာမှာ အစောင့်အဖြစ် နေနေရတာ။ သူက ဆက်မစောင့်ချင်တော့ လူလဲချင်လို့ နောက်တယောက်ကို သေစေတာ။ သူ့နေရာမှာ လူစားထိုးတာလို့ ပြောတာမျိုးပေါ့။ စစ်တပ်ကလည်း အဲ့ဒီလိုမျိုး ထွက်ခွင့်မရဘူး။ အရင်က ဆေးပင်စင်ဆိုပြီး အရပ်ဆရာဝန်နဲ့ ရောဂါတခုခုပြပြီး ထွက်ခွင့်ရခဲ့ပေမဲ့ ‌နောက်ပိုင်းကျ စစ်ဆရာဝန် ဒေါက်တာမောင်သင်တို့ ဒေါက်တာရဲနိုင်တို့ ခေတ်တုန်းကတော့ ဆေးရုံတက် ကုသပြီးတော့မှ ဆေးဘက်ဆိုင်ရာ တွေ့ရှိချက်အရ ဤစစ်သည်သည် တပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်တော် ဆိုကာ ဆုံးဖြတ်ပေးပြီး ထွက်လို့ရခဲ့သေးတယ်။ နောက်ပိုင်းမှာတော့ တိုင်းမှူးတွေက စစ်ဆရာဝန်တွေ၊ အထူးကုတွေကိုခေါ် ကြိမ်း‌မောင်းပြီး ဘယ်သူ့ကိုမှ ထွက်ခွင့်မပေးတော့တာ။ နောက်ဆုံး လေဖြတ်နေသူတွေ၊ ခြေထောက်တဖက် ပြတ်နေသူတွေကို စခန်းမှာ ကင်းစောင့်ရတယ်၊ ပေးမထွက်တော့ဘူး။ သက်ပြည့်ပင်စင်ယူမယ့်သူတောင် ထွက်ဖို့ကို ဆေးအလုံးစုံစစ်ရတယ်။ စစ်ပြီးမှသာ ထွက်ခွင့်ပြုတော့တာ” လို့ အငြိမ်းစား ဆေးတပ်သားတယောက်က ပြောပါတယ်။

စစ်တပ်မှာ အသေထွက်ပဲရှိ

သူတို့အများစုက စစ်တပ်မှာ ထွက်ခွင့်မရကြတော့ ထွက်ဖို့ကို တပ်ပြေးလုပ်ပြီး ထောင်အကျခံကြရတာပေါ့။

အဲ့ဒါကို အငြိုးတကြီးနဲ့ တပ်ပြေးပြီး ၃ နှစ်မှမိရင် ထောင် ၃ နှစ်၊ ၅ နှစ်မှမိရင် ထောင် ၅ နှစ်အထိ ထောင်ချလာခဲ့တော့ တပ်ပြေးအများစုက ဘာပြစ်မှုမှ မကျူးလွန်ရဘဲ ထိုက်သင့်သလောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ မျက်နှာကိုမှ မထောက်၊ ထောင်ဒဏ်နှစ်ရှည်တွေ ချပြီး နောက်ထပ် တပ်က ထွက်မပြေးရဲအောင် လုပ်ထားခဲ့တယ်။

အလုပ်နဲ့ထောင်ဒဏ်

“စစ်တပ်က တပ်ပြေးတယောက်ကို ထောင်ချဖို့အတွက် တပ်ရင်းမှူးလုပ်သူက တရားသူကြီးလုပ်ပြီး စီရင်ရပါတယ်။ စစ်သားတယောက်က တပ်ကနေ ပျောက်သွားရင် ၂၈ ရက်အထိက ခွင့်မဲ့ပျက်ကွက်လို့ သတ်မှတ်ပါတယ်။ အဲ့ဒီ ၂၈ ရက် ကျော်သွားရင်တော့ စစ်ပြေးလို့ သတ်မှတ်ပါတယ်။ အဲ့ဒီလို စစ်ပြေးသတ်မှတ်လိုက်ပြီဆိုရင် ဘယ်လိုမှ ဖာထေးလို့ မရတော့ပါဘူး။ သူ့ကို စစ်တရားရုံးကနေ စစ်ဆေးစီရင်ပြီးတော့ နယ်ဘက်တရားရုံးကို လွှဲအပ်ရပါတယ်။ တနည်းအားဖြင့် အလုပ်နဲ့ ထောင်ဒဏ် ဖြစ်တဲ့အတွက် နယ်ဘက်ကို လွှဲရတာဖြစ်ပြီး တပ်ကနေ အပြီးအပိုင် ထုတ်လိုက်ရပါတယ်။

သူတို့ တပ်ကပြေးတဲ့နှစ်အတိုင်း ထောင်ချတယ် ဆိုတာက တပ်မတော်အက်ဥပဒေ ၃၇ ကို ဆန့်ကျင်‌ရာ ရောက်ပါတယ်။ ပုဒ်မ ၂၇ မှာ ပြဋ္ဌာန်းထားတာက ၇ နှစ်အထိ ထောင်ချလို့ရတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ သဘောက တရက်ကနေ ၇ နှစ်အထိ တရားသူကြီး ချချင်သလောက် ချလို့ရတဲ့ သဘောမျိုးပေါ့။ ဘယ်သူမှ တပ်ကထွက်လို့မရအောင် ရေးဆွဲခြိမ်းခြောက်ထားတဲ့ ဥပဒေပေါ့” လို့ စစ်တရားရုံးအကူ လုပ်ခဲ့ဖူးတဲ့ CDM စစ်တပ်အရာရှိတယောက်က ပြောပါတယ်။

တည်ဆဲဥပဒေတွေရဲ့အပေါ်ကို ရောက်သွားတဲ့ စစ်တပ်

“၁၉၆၈ ခုနှစ်ကစပြီး ဥပဒေတွေရဲ့အပေါ်ကို ရောက်သွားတဲ့ အကြောင်းအရာတခု ရှိပါတယ်။ အဲ့ဒါက (တကန) ကောင်စီအမိန့်လို့ ခေါ်ပါတယ်။ အဲ့ဒီ (တကန) ကောင်စီအမိန့်တွေက ဘယ်ဥပဒေ၊ ဘယ်နည်းဥပ‌ဒေ၊ ဘယ့်အမိန့်တွေကိုမှ အခြေခံပြီး ထွက်ပေါ်လာတာမဟုတ်ဘဲ ငါတကောကောပြီး လုပ်ချင်သလိုလုပ်တဲ့ အမိန့်တွေလို့ ပြောလို့ရသလို အာဏာရှင်ဆန်တဲ့ အမိန့်တွေပါ။ ဥပမာအနေနဲ့ပြရရင် အသက် ၆၀ ကျော်ကို စစ်တပ်ကနေ ထွက်လို့မရတာက ရာဇသတ်ကြီးဥပဒေကို ချိုးဖောက်သလို တည်ဆဲ ၂၀၁၇ ခုနှစ် နိုင်ငံ့ဝန်ထမ်းဥပဒေကိုပါ ချိုးဖောက်ထားတာပါ။

သူတို့က ၂၀၂၁ ခုနှစ်၊‌ အောက်တိုဘာလမှာ (တကန) ကောင်စီက အမိန့်တခု ချမှတ်လိုက်ပါတယ်။ အဲ့ဒါက တခြားဝန်ထမ်းတွေ အသက် ၆၀ ပြည့်ရင် အငြိမ်းစားယူခွင့် ပေးထားပေမဲ့ စစ်သားတွေကိုတော့ အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး ပြဋ္ဌာန်းလိုက်တာပါ။ အဲ့ဒီအမိန့် ဥပဒေက နိုင်ငံ့ဝန်ထမ်းဥပဒေကို ကျော်လွန် ဖောက်ဖျက်လိုက်တာပါ။

နောက်တခုက စစ်တပ် စစ်သားသစ်တွေနဲ့ ချုပ်ဆိုတဲ့ ၁၀ နှစ် စစ်မှုထမ်းခွင့်စာချုပ် အပါအဝင် တခြားစာချုပ်တွေ အားလုံးက နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အခွန်တံဆိပ်ခေါင်း တခုမှ မပါပါဘူး။ အဲ့ဒါကြောင့် စစ်တပ်လုပ်တဲ့အရာတွေ စာချုပ်တွေအားလုံးက ကျနော်တို့ ပဋိညာဉ် အက်ဥပဒေရှုထောင့်ကကြည့်ရင် တရားဝင်မှု မရှိဘူးလို့ ပြောလို့ရပါတယ်လို့ စစ်ဥပဒေရေးရာကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ‌ဦးစောဘဦးလေးက ပြောပါတယ်။

ထောင်ချထားတဲ့ စစ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုပြီး လိမ်ပြီး စစ်ပြန်တိုက်ခိုင်း

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က အမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ စစ်ပြေး၊ ရဲပြေးတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပြုတယ်ဆိုပြီး ထောင်တွေထဲကနေ ထုတ်ပြီး စစ်တပ်ထဲကို ပြန်ခေါ်သွားပြီး စစ်မှုထမ်းခိုင်းပါတယ်။

“ထောင်တွေမှာ အကျဉ်းသားတွေက လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်ကြပါတယ်။ ထောင်ဆိုတာက ဘယ်သူမှ တမိနစ် တစက္ကန့် မနေချင်ကြပါဘူး။ ဒါကြောင့် မျှော်ကြတာ။ အခုလို လွတ်ငြိမ်းချမ်းသာဆိုတော့ ပျော်တာပေါ့။ မိသားစုတွေနဲ့ ပြန်တွေ့ရမယ်၊ အိမ်ပြန်ရမယ်ပေါ့။ ဒါပေမဲ့ ၇ ရက်နေ့ကလာတဲ့ လွတ်ငြိမ်းချမ်းသာဆိုတဲ့ဟာက သူတို့ကိုယ်သူတို့ အစိုးရလို့ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ လူတွေက အရှက်မရှိလို့လုပ်တာ။ လွတ်ငြိမ်းလည်း ပြောတယ်၊ အိမ်လည်း မပြန်ရဘူး။ ထောင်ထွက်လွတ်ဝရမ်းလည်း မရဘူး။ ထောင်ထဲကနေ လက်နက်ကိုင်ထားတဲ့လူတစုက သေနတ်ထောက်ပြီး ခေါ်သွားတယ်။ နောက်တော့ သတင်းဌာနတွေကသိတော့ ထောင်ထဲက စစ်ပြေးတွေကပဲ စစ်ပြန်တိုက်ချင်လို့ အသနားခံပြီး လျှောက်သလိုလိုတွေ လုပ်ပြီး လျှောက်ပြောနေတယ်။ ဘယ်သူမှ စစ်မတိုက်ချင်လို့ စစ်သားမလုပ်ချင်လို့ ထောင်အကျခံနေတာလေ။ အဲ့ဒါကို နားလှည့်ပါးရိုက်ပြီး အတင်းခေါ်ထုတ်သွားတာ။ တကယ်က သူတို့စစ်တပ်မှာ စစ်သည်မရှိတော့ဘူးလေ။ အတင်းအဓမ္မ စစ်သားစုဆောင်းနေတာ” လို့ မကြာသေးခင်က ထောင်ကလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်က ပြောပါတယ်။

ရာဇဝတ်မှုတွေကျူးလွန်အောင် စေ့‌ဆော်ပေးတဲ့ဌာန

တကယ်ဆိုရင် စစ်သက် ၁၀ နှစ်ပြည့်ရင် မလုပ်ချင်တော့ရင် ထွက်ခွင့်ရှိတယ်လို့ စစ်ဥပဒေမှာ တရားဝင် ပြဋ္ဌာန်းထားပေမဲ့ တကယ်က စစ်တပ်က အဝင်ပဲရှိပြီး ထွက်ခွင့်မပေးပါဘူး။

အဲ့ဒါကြောင့် စစ်သားအဖြစ်ကနေ ထွက်ချင်သူတွေက စစ်တပ်ကနေ ထွက်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ကြိုးစားကြတာပေါ့။ တချို့က စစ်တပ်အ‌ေပါ်ပိုင်းက ဗိုလ်ချုပ်တွေကို ငွေကြေး လာဘ်ထိုးပြီး တပ်ကထွက်ခွင့်ရအောင် ကြိုးစားသူတွေ၊ မိမိတပ်ထဲမှာပဲ အထက်အရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး‌ သော်လည်းကောင်း၊ ရာဇဝတ်မှုတခုခုလုပ်ပြီး‌ သော်လည်းကောင်း တပ်ကထွက်ရအောင် ကြိုးစားသူတွေ။ အရပ်ထဲမှာ တစုံတရာ ရာဇဝတ်မှု ကျူးလွန်လိုက်ရင် ထောင်ကျပြီး တပ်ကထွက်ခွင့်ရအောင် ကြံသူတွေနဲ့ ပုံစံမျိုးစုံနဲ့ ရာဇဝတ်မှုတွေကျူးလွန်ပြီး စစ်တပ်က ထွက်ရဖို့အတွက် အမျိုးမျိုး ကြိုးစားလာကြပါတယ်။

အဲ့လောက် မတွေးတတ်သူ‌‌တွေကတော့ တပ်ကနေ ထွက်ပြေးကြတာပေါ့။ အဲ့ဒီလို ထွက်ပြေးသူတွေကတော့ တပ်က ထွက်ပြေးပြီး ပြန်လည်ဖမ်းမိတဲ့အခါမှာတော့ တပ်က ပြန်လည်တာဝန်ထမ်းဆောင်မလား မေးတယ်၊ တာဝန်ပြန်လည်ထမ်းဆောင်မယ်ဆိုရင် စစ်ထောင်မှာ ၆ လလောက် ထောင်ချပြီး သူ့အရင်ရာထူးအတိုင်း ပြန်ပြီး တာဝန်ထမ်းဆောင်ပေါ့။ တကယ်လို့ စစ်တပ်မှာ ပြန်မလုပ်ချင်တော့ဘူး ဆိုရင်တော့ စစ်ခုံရုံးကနေ စစ်‌ဆေး ထောင်ချပြီး အရပ်ထောင်ထဲကို ပို့လိုက်ပါတယ်။ အဲ့ဒီလူတွေက ထောင်ကလွတ်တာနဲ့ အရပ်သားဖြစ်သွားပြီး စစ်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင်စရာ မလိုတော့ဘူးပေါ့။

အများစုက အဲ့ဒီနည်းလမ်းကို သုံးကြပါတယ်။ တပ်ကပြေးတယ်၊ ထောင်ကျခံတယ်၊ တပ်ကထွက်လို့ရတယ်ပေါ့။

Brainwash

နောက်ဆုံးတော့ စစ်သားက ဘယ်အချိန်ရောက်ရောက် စစ်သားစိတ်ပဲဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ Institution က စနစ်တကျ ရိုက်သွင်းထားတဲ့ လျှို့ဝှက်ချက်ကို ဒီဇင်ဘာလ ပထမအပတ်ထဲမှာ စစ်ကောင်စီခွင့်ပြုထားတဲ့ သတင်းမီဒီယာတခုမှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

အခု ထောင်ထဲကထုတ်သွားတဲ့ စစ်ပြေး၊ ရဲပြေးတွေကို ထောင်တွေပြန်ပို့နေရပြီ။ သာယာဝတီထောင်ကနေ ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်သွားတာ စစ်ပြေး ၁၃ ယောက်စလုံးက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကုန် ထောင်ပြန်ရောက်၊ ပြည်ထောင်က ၃၉ ယောက် ထုတ်သွားတာကို ၂၉ ယောက် ထောင်ပြန်ရောက်၊ ကျိုက်စကောထောင်က ထုတ်သွားတဲ့ ၁၀ ယောက်က ၁၀ ယောက်လုံး ထောင်ပြန်ရောက်လာကြတယ်။ ပေါင်းတည်ထောင်က ထုတ်သွားတဲ့ ၁၇ ယောက်က ၁၁ ယောက် ထောင်ပြန်ရောက်တယ်။ အဲ့ဒီအထဲက ၂ ယောက်က ပျောက်နေတယ် ဆိုပြီး ပဲခူးတိုင်း အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်ထံက သိရပါတယ်။

ဒီတော့ ခြုံကြည့်ရင် ရာခိုင်နှုန်းအနေနဲ့ တွက်ကြည့်ရင် ၈၀ ရာခိုင်နှုန်းလောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကို တွေ့နေရပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံက ထောင်အသီးသီးမှာ ရောက်ရှိနေတဲ့ စစ်သားတွေက တိုင်းပြည်တာဝန် ပြန်လည်‌ထမ်းဆောင်ချင်ကြတာကြောင့် အသနားခံစာ တင်ပြလာကြတာ ၁,၀၀၀ လောက်ရှိကြောင်းနဲ့ သူတို့ရဲ့ အသနားခံမှုကြောင့် ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပြုတယ်ဆိုပြီး ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီပိုင် သတင်းဌာနမှာ ပြောကြားသွားခဲ့ပါတယ်။

တကယ်က ထောင်ကခေါ်ထုတ်သွားခြင်း ခံရသူတွေ အားလုံးက အဲ့ဒီအကြောင်းတွေ တခုမှ သူတို့မသိကြဘဲ မနက်ပိုင်းမှာ လူစာရင်းလာကောက်ပြီး ခဏအကြာမှာ ခုနက ကောက်ယူထားတဲ့ လူစာရင်းထဲမှာပါတဲ့ စစ်ပြေးတွေရဲ့ နာမည်ကို ထောင်အာဏာပိုင်တွေက လာခေါ်ထုတ်သဖြင့် လိုက်သွားရကြောင်း၊ မိန်းဂျေးရုံးရောက်မှ စစ်ယူနီဖောင်းဝတ် လူတစုက ထောင်အပြင်ကို ‌သူတို့ ဆက်လက်ခေါ်သွားပြီး ထောင်တံခါးကြီး ၂ ထပ်အတွင်းမှ အသင့်စက်နှိုးထားတဲ့ ကားပေါ်ကိုတက်ပြီး စစ်တပ်တခုထဲကို လိုက်သွားရကြောင်း၊ ဘာအတွက်ခေါ်တယ် ဆိုတာကို ကြိုတင်လည်း မသိထားကြောင်း၊ နောက်တော့ ပြန်လည်စစ်မှုမထမ်းချင်ပါဘူးလို့ ဖြေဆိုလိုက်တာကြောင့် သူ့ကို ထောင်ပြန်ပို့လိုက်ကြောင်း ပြန်လည်ပြောပြပါတယ်။

ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024