DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်တွင် စစ်ဘေးရှောင်ပြည်သူ  ၇၀၀၀၀ ခန့်ရှိလာ
DVB
·
December 18, 2023
ထီးချိုင့်တွင် စစ်ဘေးရှောင်ပြည်သူ  ၇၀၀၀၀ ခန့်ရှိလာ
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ  ရက်ပေါင်း ၄၀ နီးပါးကြာမြင့်လာပြီး စစ်ရှောင်ပြည်သူ အရေအတွက်ဟာလည်း   ၇၀၀၀၀ ထက်မနည်းရှိလာတယ်လို့ စစ်ကိုင်းဖိုရမ် စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကိုင်းနဲ့ ကချင်နယ်စပ် ထီးချိုင့်မြို့မှာ နိုဝင်ဘာ ၈ ရက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြင်းထန်တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မြို့ခံအားလုံးနီးပါး  မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ရတာပါ။

စစ်ကောင်စီကလည်း နိုဝင်ဘာ ၁၀ ရက်ကစပြီး မြို့ကိုထိန်းနိုင်ဖို့ လေကြောင်းပစ်ကူယူ တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲဟာ ရက်ပေါင်း ၄၀ နီးပါးကြာမြင့်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာမလုံလောက်တော့သလို ဆေးဝါးနဲ့ အဝတ်အထည်တွေလည်း အရေးပေါ်လိုအပ်နေပါတယ်။

စစ်ကိုင်းဖိုရမ် စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကိုစိုးဝင်းဆွေက " ပြီးခဲ့တဲ့လမှာ ထီးချိုင့်မြို့ တမြို့တည်းမှာ စစ်ဘေးရှောင် ခြောက်သောင်းနဲ့ ခုနှစ်သောင်းကြားထဲမှာ ရှိတယ်ဆိုတဲ စာရင်းရထားပါတယ်။ ဒီ့နောက်မှာတော့ တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင် အရေအတွက် ပိုပြီးများလာမယ့် အခြေအနေရှိပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက ထီးချိုင့်မြို့ကိုသာမက ကနီ၊ ရေဦး၊ ကန့်ဘလူနယ်တောင်ခြမ်း၊ စစ်ကိုင်းမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ရေဦးမြိုနယ် ပလူစဝကျေးရွာခေါ် သောင်ပြင်ငယ်ရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ကျောင်းသူ ကျောင်းသား ၅၀၀ ဝန်းကျင်ကို အထိအခိုက်မရှိအောင် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးနယ်၊ သောင်ပြင်ငယ် (ခ) ပလူစဝကျေးရွာသား တဦးက "ဘုန်းကြီးကျောင်းထဲ ပစ်တဲ့အခါကြတော့ ဘုန်းကြီးရဲ့ကားဂိုထောင်နဲ့ ကားရော မီးလောင်သွားတယ်။ ပါဂျရိုးကား ထား တဲ့ဂိုဒေါင်။ အိမ်တလုံးထိခိုက်သွားတယ်။ ဘုန်းကြီးကျောင်းရဲ့တောင်ဘက်  တအိမ်ကျော်ပေါ့။ အုတ်ခုံကို ဒုံးကျည်မှန်တဲ့အခါကြတော့ အိမ်ပေါ်ကြမ်းတွေရော ဘာရော အကုန်ပေါက်သွားတယ်။ ကျောင်းသူကျောင်းသားတွေနဲ့တော့ မတွေ့ခဲ့ရဘူး။ ဆရာမနဲ့ တွေ့တဲ့အခါမှာ ဆရာမကတော့ တော်တော်လေး စိုးရိမ်ထိတ်လန့်ပြီးတော့ မျက်ရည်တွေပါကျလာတာ။ ဒီလိုမျိုးလည်း တခါမှမကြုံဖူးတဲ့ အခါကြတော့ ကလေးတွေအများကြီးနဲ့ဆိုတော့ တခုခုဖြစ်မှာကို စိုးရိမ်သောကဖြစ်ပြီးတော့ တော်တော်ကြီးကို ကြောက်နေတယ်ဗျ”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးမြို့ပေါ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်ရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။

မော်လူးမြို့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တော်လှန်ရေးအဖွဲ့တွေ စတုတ္ထမြောက် သိမ်းယူနိုင်ခဲ့တဲ့မြို့ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်သေဆုံးပြီး ၄ ယောက်ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံတွေအားလုံး အမြန်ဆုံးအလင်းဝင်ကြဖို့ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။

"စစ်ကောင်စီမှာ အမှုထမ်းနေတဲ့ တပ်သားတွေ အကုန်လုံးကို သတိပေးချင်တာက အမြန်ဆုံး အလင်းဝင်သင့်တယ်။ မိသားစုအတွက် အသက်ရှင်သင့်တယ်။ အိမ်မှာကျန်ခဲ့တဲ့ ဇနီးမယား၊ သားသမီးများ၊ မိဘမဲ့နဲ့ မုဆိုးမ မဖြစ်ရအောင် ချိတ်ဆက်ဆောင်ရွက်သင့်ပြီဆိုတာ သဘောပေါက်သင့်တယ်လို့ သတိပေးစကားလေးပဲ ပါးချင်ပါတယ်။”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ တပြိုင်တည်းမှာ စစ်ကိုင်းတိုင်းထဲက PDF တွေက စစ်ကောင်စီအခြေစိုက်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကချင်ပြည်နယ်စပ်က ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကို အချိန် တလကျော်အတွင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013