
စစ်အာဏာရှင်တပ်က ၂၀၂၆ ဧပြီလကနေ ဇွန်လအထိ ဒုတိယ ၃ လပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၅၂၀ ကျော် လုပ်ခဲ့ပြီး အဲဒီထဲက ၉၈ ရာခိုင်နှုန်းဟာ စစ်တပ်က အင်တာနက် ဖြတ်တောက်ထားတဲ့ နေရာတွေမှာ ဖြစ်ခဲ့တာလို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီ ၃ လအတွင်းမှာ ချင်းပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်နဲ့ အဆိုးရွားဆုံး ခံစားခဲ့ရပြီး စစ်ကိုင်းတိုင်းက ၁၀၁ ကြိမ်၊ ရခိုင်ပြည်နယ်က ၉၈ ကြိမ်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ဒီဒေသ ၃ ခုမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းရဲ့ ၆၂ ရာခိုင်နှုန်းခန့်အထိ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းကလွဲလို့ ကျန် တိုင်းနဲ့ ပြည်နယ် ၁၃ ခုက မြို့နယ်ပေါင်း ၈၇ မြို့နယ် လေကြောင်းဒဏ် ကြုံခဲ့ရပြီး စစ်ကိုင်းတိုင်းဟာ မြို့နယ်ပေါင်း ၂၀ နဲ့ ထိခိုက်မှုအများဆုံး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၅၈ ယောက်၊ ကလေး ၄၁ ယောက်နဲ့ သက်ကြီးရွယ်အို ၁၅ ယောက် အပါအဝင် အရပ်သား ၃၁၄ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး သေဆုံးမှုအားလုံးရဲ့ ၉၅ ဒသမ ၅ ရာခိုင်နှုန်းခန့်ဟာ အင်တာနက်ဖြတ်ထားတဲ့ ဒေသတွေက ဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ထုတ်ပြန်ပါတယ်။










