DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်ရှိ နေအိမ် ၅၀ ခန့်ကို စစ်တပ်ကမီးရှို့၊ ဂန့်ဂေါတွင် လက်နက်ကြီးကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
DVB
·
December 17, 2023
မြိုင်မြို့နယ်ရှိ နေအိမ် ၅၀ ခန့်ကို စစ်တပ်ကမီးရှို့၊ ဂန့်ဂေါတွင် လက်နက်ကြီးကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
1 / 5
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သာစည်ကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၅၀ နီးပါးနဲ့ ဆန်စက် ၂ လုံးကို ဒီဇင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ သွားတယ်လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်သားအင်အား ၁၀၀ နီးပါးပါတဲ့အဖွဲ့က သာစည်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၄၉ လုံး၊ ဆီစက် ၂ လုံး၊ မြေပဲတင်း ၃၀၀ ကျော် မီးလောင်ပျက်စီးပြီး ဆိတ် ၁၃ ကောင်လည်း မီးထဲပါသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

''စစ်ကောင်စီ တပ်သားတွေက ၁၅ ရက်နေ့ နေ့လယ်ပိုင်း သာစည်ရွာကို ရောက်လာတာ၊ တညအိပ်တယ်၊ မနေ့က ၁၆ ရက်နေ့ နေ့လယ် ပြန်ထွက်သွားတယ်။ စစ်သားတွေက ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာ။ စစ်သားတွေလည်း ထွက်သွားတယ်၊ ကောရွာလည်း ပြာကျသွားတာပဲ။ စစ်ကောင်စီတပ်သားတွေက သာစည်ရွာအနီးမှာ ပြီးခဲ့တဲ့ရက်က တိုက်ခိုက်ခံရပြီး အခုလို အရပ်သားတွေနေတဲ့ ရွာထဲဝင်လာပြီး မီးရှို့ခဲ့တာလို့ ဒေသခံ တယောက်က ပြောပါတယ်။

မီးရှို့ခံရတဲ့ သာစည်ကျေးရွာဟာ လူအိမ်ခြေ ၂၁၀၊ လူဦးရေ ၁၀၀၀ ကျော်နေထိုင်ပြီး လယ်ယာ လုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့ ဒေသခံတွေ အများစုနေထိုင်တယ်လို့ သိရပါတယ်။

''မီးရှို့ခံရတဲ့ အိမ်တွေက တချို့က လက်ရှိ အိမ်မှာနေနေတာ။ အရင်တိုက်ပွဲတွေဖြစ်လို့ အိမ်ပစ်ထွက်ပြေးရတဲ့သူတွေရဲ့ အိမ်တွေလည်းပါတယ်။ အခု ထပ်မီးရှို့ခံရသူတွေက ထွက်ပြေးနေရတယ်။ ဘာမှကို မကျန်ခဲ့တာ၊ အိမ်ပိုင်ရှင်တွေ ယာထဲဆင်းနေတုန်း ရှို့သွားတာ။ အိမ်မှာ လမ်းမလျှောက်နိုင်လို့ ရှိနေသူတောင်အိမ်ပေါ်က ဆွဲချရိုက်ခဲ့တာ။ သတ်မသွားတာ တော်းသေတယ်” လို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၅ ရက်က သာစည်ကျေးရွာနဲ့ ရွာချင်းဆက်တွင်း မကျေးရွာမှာ စစ်ကောင်စီ တပ်သားတွေ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့အချိန် ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ အဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခု ဇွန် ၉ ရက်ကလည်း တွင်းမကျေးရွာက စစ်သားနဲ့ ပျူစောထီးတွေက သာစည်ရွာကို ပထမအကြိမ်မီးရှို့ခဲ့ပြီး နေအိမ် ၁၂ လုံးနဲ့ ဒေသခံတောင်သူတွေရဲ့ ကျွဲတွေ၊ နွားတွေ စပါးတွေ  မီးလောင်ပျက်စီးခဲ့ပါသေးတယ်လို့ သိရပါတယ်။

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ် ရှုံးရှီကျေးရွာမှာ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်မှာ ရှုံးရှီကျေးရွာတောင်ပိုင်းက နေအိမ်အပေါ်ကို ၁၂၀ မမ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးစ ထိမှန်မှုကြောင့် အသက် ၁ နှစ် ၆ လအရွယ် ကလေးငယ် မောင်ထူးလျံ သေဆုံးခဲ့ပြီး အသက် ၇၀ အရွယ် ဒေါ်ယဉ်ထွေးလည်း ထပ်မံသေဆုံးခဲ့ပါတယ်။

ရှုံးရှီကျေးရွာက အသက်ကြီးပိုင်း အမျိုးသမီး ၃ ဦး၊ အသက် ၄ လအရွယ် ကလေးငယ်နဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“ဒဏ်ရာရတဲ့သူတွေထဲက ကိုဌေးလွင်ဆိုတဲ့ အမျိုးသားက ပုလဲနယ်ဘက်ကနေ စျေးလာရောင်းတာတယ်၊ ကျန်တဲ့သူတွေကတော့ ရှုံးရှီရွာခံတွေပဲ၊ အခုသူတို့ကိုတော့ ဂန့်ဂေါတောင်ပိုင်းမှာ ဆေးကုနေကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသွားသူ ၂ ဦးကိုတော့ ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ်မှာ သင်္ဂြိုဟ်ခဲ့ပြီး အသက် ၄ လအရွယ်ကလေးငယ်ကတော့ မျက်နှာနဲ့ နှာခေါင်းဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013