DVB Logo
Home
မြန်မာသတင်း
သာယာ၀တီထောင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် နိုင်ငံရေးအကျဥ်းသား ၁ ဦး သေဆုံး
DVB
·
December 17, 2023
သာယာ၀တီထောင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် နိုင်ငံရေးအကျဥ်းသား ၁ ဦး သေဆုံး
Donate to DVB

သာယာ၀တိထောင်မှာ သောက်သုံးရေမသန့်တာကြောင့် ၀မ်းပျက်၊ ၀မ်းလျှော ရောဂါဖြစ်ပွားနေပြီး  ဒီဇင်ဘာ ၁၃ ရက်က နိုင်ငံရေးအကျဥ်းသားတယောက် အချိန်မီဆေးကုသမပေးတာနဲ့ အပြင်ဆေးရုံမှာ ဆေးကုသခွင့် မပေးတာကြောင့် သေဆုံးခဲ့တယ်လို့ သာယာ၀တီထောင် အသိုက်အဝန်းက သိရပါတယ်။

"သေတဲ့သူက ဦးကြီးမြင့်တဲ့ သာယာ၀တီကို ထောင်ပြောင်းပါလာတဲ့သူပဲ။ ရန်ကုန်ကလား၊ တောင်ငူဘက်ကလားတော့ သေချာမသိပါဘူး။ အထဲမှာလည်း လူတော်တော်များများ ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်နေကြတာ။ ရေသန့်ကို မပေးနိုင်တော့ ချိုးရေတွေကိုပဲ အကြည်ခံပြီး သောက်ရတာဆိုတော့ ၀မ်းပျက်၊ ၀မ်းလျှော တွေတော့ တော်တော်လေးဖြစ်နေကြတယ်။ ဆေးကလည်း အရင်လို သွင်းခွင့်မပေးတော့ ဆေးဝါးမလုံလောက်တာလည်း ပါတယ်။ အခုက ဆရာ၀န်လက်မှတ်ပါမှ ဆေးက သွင်းခွင့်ရတော့တာ။ ထောင်ဆေးရုံမှာကလည်း ဆေးက မရှိတာက များတယ်။ အခု အထဲမှာတော့ တော်တော်လေးဖြစ်နေတယ်။ အပြင်ထုတ်ပြီး ဆေးကုသခွင့်ကလည်း မလွယ်ဘူးဆိုတော့ နောက်ထပ်လည်း ထပ်ဖြစ်လာနိုင်တယ်" လို့ အမည်မဖော်လိုတဲ့ ထောင်၀န်ထမ်းတယောက်က ပြောပါတယ်။

မကြာသေးခင် ထောင်မှလွတ်လာသူတယောက်က "ထောင်ထဲမှာက မိလ္လာတွေကို ရေဖျော်ပြီး အပင်အားဆေးအဖြစ် စိုက်ခင်းတွေကို လောင်းကြတာ။ နောက် ရေလောင်းတော့လည်း မြောင်းတဲက ရေကိုပဲ ခပ်လောင်းတာ။ လူတွေတောင် ချိုးရေမလုံလောက်တော့ အပင်တွေ အတွက်တော့ မစဥ်းစားနဲ့ပေါ့။ အဲ့ဒီသီးနှံတွေကိုပဲ ထောင်ထဲကလူတွေကို ကျွေးတာ။ တချို့ထောင်၀င်စာ မလာတဲ့သူတွေကလည်း ထောင်ထဲကထွက်တဲ့ အသီးအနှံတွေကို  ဝယ်စားရတာဆိုတော့ ရောဂါတွေဖြစ်တာပေါ့။ ခဏခဏ ၀မ်းပျက်ဝမ်းလျှော ဖြစ်ကြတယ်။ အရင်ကတော့ အိမ်တွေကနေ ဆေးတွေ သွင်းလို့ရတော့ တော်ရုံတန်ရုံဆိုရင် ဆေးသောက်ပြီး ထိန်းနိုင်သေးတယ်။ အခုက ဆေး၀ါးကလည်း သွင်းလို့မရ၊ ထောင်ကလည်း ဆေးမရှိဆိုတော့ သေဖို့ပဲရှိတယ်။ ရေသန့်ကလည်း မီးမမှန်တာအကြောင်းပြပြီး မရတော့ဘူး။ ချိုးတဲ့ရေ မည်းညစ်ညစ်တွေကိုပဲ အကြည်ခံပြီးသောက်နေရတာ ဆိုတော့ မလွယ်ဘူး။ အခု ထောင်ထဲမှာ တယောက် သေသွားတယ်။ နောက်ထပ်လည်း ၀မ်းပျက်ဝမ်းလျှောတွေ ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း  နိုင်ငံတ၀န်းထောင်တွေမှာ အကျဥ်းသားတွေကို ထောင်ဝတ်စုံ အပို ၂ စုံ၊ အိပ်ရာခင်းတခုပဲ ထားခွင့်ပြုတယ်ဆိုပြီး အမိန့်တခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်က မိုးတွင်းကာလဖြစ်နေတာနဲ့ သာယာဝတီထောင်ကပေးတဲ့ ပုံစံ၀တ်စုံတွေကလည်း ရေမချောက်တဲ့ မာခေါက်ခေါက် အသားတွေဖြစ်တာကြောင့် အကျဥ်းသားတွေ အအေးမိ၊ အဆုတ်ပွရောဂါတွေ ဖြစ်တာကြောင့် နိုင်ငံရေးအကျဥ်းသား ၂ ယောက် အဆုတ်ထဲရေဝင်ပြီး သေဆုံးသွားခဲ့တယ်လို့ သာယာဝတီထောင်ကနေ လွတ်လာသူတွေဆီက သိရပါတယ်။

ထောင်ဆရာဝန်ကို ငွေ ၅ သိန်းပေးပြီး အပြင်ဆေးရုံမှာ ဆေးကုသခွင့်ခဲ့တဲ့ အကျဉ်းသားတယောက်ကတော့ အသက်ရှင်သန်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတယောက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး  သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး သာယာ၀တီထောင်ပိုင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013