DVB Logo
Home
မြန်မာသတင်း
မြိုင်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး သာစည်ရွာကို မီးရှို့၊ ဆမီးမြို့၌ တိုက်ပွဲပြင်းထန်
DVB
·
December 16, 2023
မြိုင်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး သာစည်ရွာကို မီးရှို့၊ ဆမီးမြို့၌ တိုက်ပွဲပြင်းထန်
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက် မနက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၉ ယောက်လောက် သေဆုံးခဲ့ကာ ကျေးရွာတရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက် မနက် ၁၀ နာရီခွဲလောက်ကစလို့ စစ်ကောင်စီတပ်သား အင်အား ၁၂၀ လောက်နဲ့ စစ်ကောင်စီယာဉ်တန်း ၁၅ စီးကို သာစည်ကျေးရွာ ရန်အောင်မြေဘုရား ကုန်းနားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖတပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

နှစ်ဖက်အပြန်လှန် ၁ နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၈ ယောက်လောက်သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ရပြီး အတွင်းသတင်း ပေးချက်အရ ပခုက္ကူအခြေစိုက် ခလရ ၂၅၁က စစ်ကြောင်းမှူး ဗိုလ်မှူး တယောက်အပါဝင် ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို ပခုက္ကူမြို့နယ် ကမ္မမြို့နဲ့ တွင်းမရွာ ကြားမှာလည်း ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ယောက်အပြင်းထန် ဒဏ်ရာရရှိကာ ပခုက္ကူမြို့ဘက်ကို ပြန်သယ်သွားကြတယ်လို့ ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မွန်းလွဲ ၂ နာရီလောက်မှာ သာစည်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၂၅ လုံး မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ပခုက္ကူခရိုင် တပ်ရင်း (၂၊၆၊၇၊၁၇)၊ ဂဠုန်တပ်ဖွဲ့၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့၊မြိုင်UAV ဒရုန်းတပ်ဖွဲ့၊Earthquake PDFနဲ့ KMDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

အဲဒီ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့အခြေနေကို DVB က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (အေအေ) က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆမီးမြို့မှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆမီးမြို့ခံတဦးက ပြောပါတယ်။

"ဆမီးဗျူဟာကုန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ကတည်းက ရက္ခိုင့်တပ်တော်က တိုက်ခိုက်နေကြတာ။ တိုက်ပွဲပြင်းထန်နေပြီးတော့ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေ လေကြောင်းကနေ နေတိုင်း လာပစ်နေတယ်။ မြို့ခံတွေကလည်း တိမ်းရှောင်နေကြရတယ်။" 

ဆမီးမြို့မှာ စစ်ကောင်စီနဲ့ အေအေ တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့ခံတွေက ပိတ်မိသွားမှာ စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

"မြို့ခံတွေကတော့ တိုက်ပွဲစဖြစ်ကတည်းက ဘေးလွတ်ရာတွေကို တိမ်ရှောင်နေကြရတယ်။ မြို့မှာ လူတွေမရှိတော့ဘူး။ နေရပ်စွန့်ခွာနေကြရတာကြောင့် စားဝတ်နေရေး ခက်ခဲမှုတွေတော့ ရှိနေကြတယ်" လို့ ဆမီးမြို့ခံ အခြားတဦးက ပြောပါတယ်။

ဆမီးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် လူဦးရေ ၈၀၀၀ နီးကျော်မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ တရွန်အိုင် ဗျူဟာကုန်းနဲ့ နှုံးဘူးဗျူဟာကုန်းတွေအပါဝင် စစ်ကောင်စီ၏ တပ်စခန်း ၁၉ ခုကို သိမ်းပိုက်ရရှိထားတယ်လို့ ရက္ခိုင့်တပ်တော်ဘက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ ပလက်ဝမြို့နယ်တို့ကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ကုန်စည်ပြတ်လပ်မှုတွေ ရှိနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013