DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း၌ ယာဉ်တိုက်မှုဖြစ်ပြီး တောထဲထွက်ပြေးသည့် မြန်မာ ၁၆ ဦး  ဖမ်းဆီးခံရ 
DVB
·
December 15, 2023
ထိုင်းတောင်ပိုင်း၌ ယာဉ်တိုက်မှုဖြစ်ပြီး တောထဲထွက်ပြေးသည့် မြန်မာ ၁၆ ဦး  ဖမ်းဆီးခံရ 
Donate to DVB

 

ထိုင်းတောင်ပိုင်း၊ နခွန်းဆီထမရတ်ခရိုင် ထုန့်ယိုင်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက်က ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကားပေါ်ကနေ ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့ မနက်စောစောက ထုန့်ယိုင်မြို့နယ် ပလစ်အုပ်စု ဘန့်ကောင်ဟင်ရွာအနီး လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်တဲ့ သတင်းရတဲ့အတွက် လိုအပ်သလို အကူအညီပေးဖို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထုန့်ယိုင်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ပထမဟိုင်းလပ်စ်ကား ၁ စီးက လမ်းဘေးကမြောင်းထဲမှာ ထိုးကျနေပြီး ဒုတိယ အဖြူရောင်မှန်လုံကားမှာ အနောက်ကနေ ဝင်တိုက်ခံထားရလို့ မှန်တွေကွဲပြီး ကားဘော်ဒီတွေ ချိုင့်ကုန်တယ်လို့ ဆိုပါတယ်။

တတိယကားကတော့ ၂၀ ဘီးတပ် ကွန်တိန်နာတင်ကားကြီးဖြစ်ပြီး ဒုတိယကားကို ဝင်တိုက်ထားလို့ တာဝန်ခံဖို့ ရဲအလာကို စောင့်ဆိုင်းနေပါတယ်။ 

မြန်မာနိုင်ငံသားတွေ တင်လာတဲ့ အဖြူရောင်မှန်လုံကား ၁ စီးဟာ အခင်းဖြစ်တဲ့နေရာ‌‌ ရောက်တော့  မတော်တဆဖြစ်ပြီး လမ်းဘေးမှာ ထိုးကျနေတဲ့ကား ၁ စီးကို တွေ့လို့ အရှိန်လျှော့လိုက်ပြီး  လိုအပ်သလို အကူအညီပေးဖို့  ကားကိုခဏ ရပ်လိုက်ကြောင်း။ အဲဒီအခိုက်မှာ အနောက်က မောင်းလာတဲ့ ၂၀ ဘီးတပ်ကားကြီးက အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်ရင် ရဲတွေလာတော့မှာမို့ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ အနီးက တောထဲကို ထွက်ပြေးသွားကြကြောင်း၊ ရဲတွေရောက်လာတော့ အနီးအနားနေ ပြည်သူတွေက ယာဉ်တိုက်မှုမှာ အကူအညီတောင်းဖို့ စောင့်နေရမယ့်အစား တောထဲ ထွက်ပြေးကုန်တာ မသင်္ကာကြောင်း တိုင်တန်းကြတဲ့အတွက် လူစုခွဲပြီး တောထဲဝင်ရှာရာမှာ တရားမဝင် မြန်မာအမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၆ ဦး ဖမ်းမိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဒဏ်ရာအနည်းငယ်ရထားတဲ့ အသက် ၅၂ နှစ်ရွယ် နိုင်းဖိုးကျိုင်မန့် ဆိုသူ ယာဉ်မောင်းက  အဆိုပါမြန်မာအလုပ်သမားတွေကို စူရတ်ဌာနီကနေ ဆုန်ခလာမြို့ကို ပို့ပေးဖို့ ဒီကနေ့မနက် ၄ နာရီလောက်မှာ ပွဲစားက ဆက်သွယ်လာကြောင်း၊ ကားခ ၁ ဦးလျှင် ဘတ် ၅၀၀ ပေးမယ်ဆိုလို့ သွားကြိုရာမှာ အခင်းဖြစ်တဲ့နေရာရောက်တော့ ယာဉ်တိုက်မှုဖြစ်ခဲ့တာလို့ ဝန်ခံသွားပါတယ်။ 

ဖမ်းမိတဲ့ မြန်မာအလုပ်မားတွေကို လဝကဥပဒေနဲ့ အရေးယူဖို့  ထုန့်ယိုင်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။ 

Source : MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013