DVB Logo
Home
မြန်မာသတင်း
CI စခန်းများ တိုးချဲ့ဖွင့်လှစ်မှု စစ်ကောင်စီအကျိုးအမြတ်အတွက်ဖြစ်ဟု အလုပ်သမားအဖွဲ့များ ပြော 
DVB
·
December 15, 2023
CI စခန်းများ တိုးချဲ့ဖွင့်လှစ်မှု စစ်ကောင်စီအကျိုးအမြတ်အတွက်ဖြစ်ဟု အလုပ်သမားအဖွဲ့များ ပြော 
Donate to DVB

ထိုင်းနိုင်ငံတွင်းမှာ စစ်ကောင်စီက သက်သေခံလက်မှတ် (CIကတ်) တွေကို  စခန်းတိုးချဲ့ပြီး လုပ်ပေးမယ်လို့ကြေညာတာဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဆီက အကျိုးအမြတ် လိုချင်တာကြောင့်ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ အလုပ်သမားတွေကို မြန်မာပြည် ပြန်စရာမလိုဘဲ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် CI card လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ဒီဇင်ဘာ ၁၃ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ တွေ့ဆုံပွဲကနေ သိရပါတယ်။

စစ်ကောင်စီက CI ကတ် ထုတ်ပေးတဲ့နေရာတွေ ထပ်မံတိုးချဲ့ဖွင့်လှစ်ဖို့လုပ်နေတာဟာ  အလုပ်သမားအရေးထက် ဝင်ငွေရရှိဖို့ကိုပဲ ဦးတည်ဆောင်ရွက်တာဖြစ်တယ်လို့ Labour Right Foundation ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

“ထိုင်းအစိုးရကနေ ပန်းရောင်ဘတ်တွေ လုပ်ပေးဖို့ ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်က လုပ်ခဲ့တာ လျှောက်ထားတဲ့ အလုပ်သမားအရေအတွက်က သိန်းနဲ့ချီပြီးရှိတယ်။ သူတို့က အဲဒီအပေါ်မှာ အကျိုးအမြတ်က ရချင်သေးတယ်။ ဒါ့ကြောင့် အဲဒီစခန်းတွေကို တိုးချဲ့ပြီး ဖွင့်မယ်ဆိုတာ။ ဘာလို့လဲဆိုတော့ အဲဒီ CI တွေလုပ်တဲ့အခါ သူတို့က အကျိုးအမြတ်တွေ အများကြီးရတယ်။ ရွှေ့ပြောင်းလုပ်သားတွေက ဒီ CI လုပ်ခိုင်းတဲ့ ကိစ္စကို တကယ်ကမလုပ်ချင်ဘူး။ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအရေးကို သူတို့ စိတ်ဝင်စားလို့ စေတနာထားလို့ ကိုယ့်နိုင်ငံသားတွေကို သူတို့ အဆင်ပြေအောင် လုပ်ပေးမယ့်ကိစ္စနဲ့စာရင် အဓိက သူတို့ဝင်ငွေရရှိရေးကို ဦးတည်တယ်လို့ ကျနော် အနှစ်ချုပ်လိုပါတယ်။”

အလုပ်သမားဝန်ကြီးဌာနရဲ့ ဇူလိုင်လစာရင်းတွေအရ ထိုင်းအလုပ်ရှင်တွေဘက်က အမည်စာရင်း တင်သွင်းထားတဲ့  မြန်မာအလုပ်သမား ၉ သိန်းလောက်ရှိနေပါတယ်။

အဲဒီအလုပ်သမားတွေကို ထိုင်းနိုင်ငံဘက်မှာပဲ CI စခန်း ၅ ခု၊  Mobile Unit 3 ခုဖွင့်လှစ်ပြီး လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ကိုယ့်နိုင်ငံသားဖြစ်ကြောင်း ထောက်ခံဖို့ ငွေကုန်ကြေးကျများတာ မဖြစ်သင့်ကြောင်းနဲ့ အခြေခံ အလုပ်သမားတွေဆီက ငွေတောင်း၊ ခေါင်းပုံဖြတ်နေတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရဲ့ မဲဆောက်ရုံး တာဝန်ခံက ပြောပါတယ်။

“ပြန်လာပြန်ပြီ။ CI ဆိုပြီးတော့ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံတယ်ဆိုရင် one stop service ဆိုပြီး သူတို့ ကြေညာနေစရာမလိုဘူး စကစ လက်ထက်မှာက CI အပါအဝင်နောက် လက်မှတ် process လုပ်နေတဲ့ name နဲ့ ကျထားတဲ့သူတွေ ကုန်ကျစရိတ်ကိုက  CI အပါအဝင် ဘတ် ၁၂၀၀၀ ကနေ ၁၄၀၀၀။ CI က ဘယ်လောက်ကုန်လဲဆိုတာကို မပြောဘူး။ ပွဲစားတွေ လက်ထဲမှာ ရှိသွားတာပေါ့။ အဲဒီလို ဖြစ်သွားတယ်။ လက်လှမ်းမီမီနဲ့ လုပ်နိုင်တဲ့ အခြေအနေ မရှိဘူး။ သူတို့ကိုယ်တိုင်က ကာကွယ်ပေးတဲ့ အခြေအနေမျိုးတွေ မရှိဘူး။ အစိုးရမဆန်ဘဲ တာဝန်ယူမှုမဆန်ဘဲနဲ့ ပြောမယ်ဆိုရင် ပြန်ပေးဆွဲသလိုလို ခြိမ်းခြောက်သလိုလို လုပ်နေတဲ့ ပုံစံမျိုးက ခေါင်းပုံ ဖြတ်နေတာပဲ။”

ထိုင်းနိုင်ငံတစ်ခုလုံးမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ် CI card ထုတ်ပေးတဲ့ နေရာ ၂ နေရာပဲ ရှိတာဖြစ်ပြီး အလုပ်သမားတွေက ကတ်လုပ်တဲ့ ကုန်ကျစရိတ်တွေအပြင် သွားလာတဲ့စရိတ်တွေပါ ကုန်ကျနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့တဲ့ မြန်မာအလုပ်သမားနဲ့ CI ထုတ်ပေးမှု အရေအတွက်က ၁ ဒသမ ၁ သန်းရှိတယ်လို့ စစ်ကောင်စီအလုပ်သမားရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။  

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013