DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်း ၁၄၀ ကျော်ကို အေအေ​ သိမ်းပိုက်၊ ပေါက်တောမြို့၌ တိုက်ပွဲ ပြင်းထန် 
DVB
·
December 15, 2023
စစ်ကောင်စီတပ်စခန်း ၁၄၀ ကျော်ကို အေအေ​ သိမ်းပိုက်၊ ပေါက်တောမြို့၌ တိုက်ပွဲ ပြင်းထန် 
Donate to DVB

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ရက်ပေါင်း ၄၅ ရက်အတွင်း ရခိုင်ဒေသတိုက်ပွဲတွေမှာ  စစ်ကောင်စီ တပ်စခန်း ၁၄၀ ကျော်သိမ်းပိုက် ရရှိထား​တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ဒီဇင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်က သိမ်းပိုက် ရယူလိုက်တဲ့ စစ်ကောင်စီရဲ့စခန်းထဲတွေမှာ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် ရဲဘက် အတူနေသောစခန်းတွေနဲ နယ်ခြားစောင့်တပ်စခန်းတွေပါဝင်ကြပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ စခန်းတွေထဲမှာ စစ်တွေမြို့နယ်မှက စခန်း ၁ ခု၊ ပေါက်တောမြို့နယ်က စခန်း ၆ ခု၊ ကျောက်ဖြူမြို့နယ်က စခန်း ၇ ခု၊ ရမ်းဗြဲမြို့နယ်ကစခန်း ၄ ခု၊ မြေပုံမြို့နယ်က စခန်း ၄ ခု၊ တောင်ကုတ်မြို့နယ်က စခန်း ၂ ခု၊ သံတွဲမြို့နယ်က စခန်း ၃ ခု၊ အမ်းမြို့နယ်က စခန်း ၄ ခု၊ မောင်တောမြို့နယ်ကစခန်းပေါင်း ၆၂ ခု၊ ဘူးသီးတောင်မြို့နယ်က စခန်း ၆ ခု၊ ရသေ့တောင်မြို့နယ်က စခန်း ၄ ခု၊ ပုဏ္ဏားကျွန်းမြို့နယ်က စခန်း ၆ ခု၊ ကျောက်တော်မြို့နယ်က စခန်း ၇ ၊ မြောက်ဦးမြို့နယ်က စခန်း ၃ ခု၊ မင်းပြားမြို့နယ်က စခန်း ၅ ခုနဲ့ ပလက်ဝမြို့နယ်က စခန်း၁၉ ခုတို့ကို သိမ်းပိုက်ရရှိထားတယ်လို့ အေအေ  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနယ်စပ်တပ်စခန်းတွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်စခန်းတွေကိုပါ သိမ်းပိုက်ခဲ့တဲ့အတွက် ရက္ခိုင့်တပ်တော်က နယ်စပ်တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ရခိုင့်နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောပါတယ်။

“အေအေ သိမ်းပိုက်ထားတဲ့ စခန်းတွေကို ကြည့်ရရင် အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေက စခန်းတွေကို ဦးစားပေး သိမ်းပိုက်လာတာကို တွေ့ရတယ်။ ဒီဟာ ရက္ခိုင့်တပ်တော်ဘက်က နယ်စပ်တွေကို ထိန်းချုပ်ပြီး စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ပြီး သူတို့သြဇာကို ထူထောင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်" လို့ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းအများအပြားမှာ စစ်ကောင်စီတပ်တွေ စွန့်ခွာသွားခဲ့တာဖြစ်ပြီး နယ်စပ်က အရေးပါတဲ့ စစ်ဗျူဟာတွေနဲ့ တပ်စခန်းတွေကိုသာ အေအေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်မှာ တိုက်ပွဲကာလ တစ်လကျော်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၃၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်အထိ ရှိပါတယ်။

စစ်ကောင်စီက ရက္ခိုင့်တပ်တော် ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ တရုတ်ကြားဝင်စေ့စပ်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးနေတယ်လို့ ပြောဆိုနေပဲ့မယ့် ​ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာလည်း ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းက ရက္ခိုင့်တပ်တော်(အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပေါက်တောမြို့ပေါ်မှာ  မနေ့ ည ၇ နာရီခွဲလောက်က  တိုက်ပွဲအပြင်းထန် ဖြစ်ပွားနေပြီး နှစ်ဘက် အပြန်အလှန်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ပေါက်တောမြို့ဘက်ကို စစ်တွေအခြေစိုက် ရဲတပ်ရင်း (၁၂) နဲ့ ပါဒလိတ် အခြေစိုက် ခလရ ၃၄၄ တပ်ရင်းတွေကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။ မနေ့ ည ၈နာရီလောက်က စတင်ကာ စစ်ကောင်စီတပ်စခန်းတခုဖြစ်တဲ့ စစ်တွေအခြေစိုက် ရဲတပ်ရင်း (၁၂) က ပေါက်တောမြို့ဘက်ကို အတွဲလိုက် ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မနေ့ ညပိုင်းမှာ အေအေက ထုတ်ပြန်ထားပါတယ်။

မင်းပြားမြို့မှာတော့  ဒီဇင်ဘာ ၁၅ ရက် ဒီမနက်ပိုင်းက စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူတယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီမနက် ၁၁ နာရီလောက်က ရဲစခန်းအနောက်ဘက် ကန်ဘောင်ပေါ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး အမျိုးသားတယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ မင်းပြားမြို့ ဒေသခံက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူကတော့ မင်းပြားမြို့ ဈေးဟောင်းပိုင်းရပ်ကွက်က အသက် ၃၈ နှစ်အရွယ် ဦးကျော်မောင် ဖြစ်ပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ မင်းပြားပြည်သူ့ဆေးရုံမှာ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူ ၃၀ ကျော် သေဆုံးကာ ၁၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013