DVB Logo
Home
မြန်မာသတင်း
ခရိုနီ ဦးထွန်းမင်းလတ်နှင့် ဆက်နွှယ်သည့် ထိုင်းအထက်လွှတ်တော်အမတ်ကို ပုဒ်မ ၆ ခုနှင့် တရားစွဲ
DVB
·
December 15, 2023
ခရိုနီ ဦးထွန်းမင်းလတ်နှင့် ဆက်နွှယ်သည့် ထိုင်းအထက်လွှတ်တော်အမတ်ကို ပုဒ်မ ၆ ခုနှင့် တရားစွဲ
Donate to DVB

မြန်မာလက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်တဲ့ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပါကျရိယန်းကွန်းကို ထိုင်းရာဇဝတ်မှုဆိုင်ရာဗဟိုတရားရုံးက မူးယစ်ဆေးမှု၊ ငွေကြေးခဝါချမှုဆိုင်ရာ ပုဒ်မ ၆ ခုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

အဆိုပါ ပြစ်မှုတွေမှာ လူ ၂ ဦးနဲ့ အထက်ပူးပေါင်းပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်ဖို့ ကြံစည်မှု၊ အများပြည်သူအတွက် အန္တရာယ်ဖြစ်စေတဲ့ ပြင်းအားအဆင့် ၂ ရှိ ခေတာမင်းမူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်ဖြန့်ဖြူးမှု၊  လူ ၂ ဦးနဲ့အထက် ပူးပေါင်းပြီး တရားမဝင် ငွေကြေးခဝါချမှု၊ အထက်လွှတ်တော်အမတ် ၁ ဦးအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာ အားပေးမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံတကာရာဇဝတ်မှုမှာ သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ပူးပေါင်းကျူးလွန်မှု စတာတွေ ပါဝင်ပါတယ်။

အဆိုပါတရားစွဲဆိုချက်တွေကို ဒီဇင်ဘာ ၁၄ ရက်က ဘန်ကောက် ရာ့ချ်ဒါးဖိဆစ်လမ်းရှိ ရာဇဝတ်မှုဆိုင်ရာ ဗဟိုတရားရုံးမှာ သက်ဆိုင်ရာတရားသူကြီးက ဖတ်ကြားခဲ့ပြီး ကာယကံရှင် အထက်လွှတ်တော်အမတ်နိုင်းဥပကစ်ကလည်း သူ့ရဲ့ရှေ့နေနဲ့အတူ လာရောက် ကြားနာခဲ့ပါတယ်။

တရားရုံးရဲ့ စွဲဆိုချက်တိုင်းကို သူက ငြင်းဆိုခဲ့ပြီး ဘတ် ၅  သန်း အာမခံငွေနဲ့  ပြင်ပကနေ အမှုရင်ဆိုင်ဖို့ လျှောက်ထားရာမှာ သူဟာ အထက်လွှတ်တော်အမတ်လည်းဖြစ်ပြီး ထွက်ပြေးမယ့်ပုံလည်း မပေါက်တဲ့အတွက် တရားရုံးက လွှတ်ပေးလိုက်ပါတယ်။

သူ့ရဲ့အမှုကို လာမယ့် ၂၀၂၄ ခုနှစ် မေလ ၁၃ ရက် မနက် ၉ နာရီမှာ  စီရင်ဆုံးဖြတ်မယ်လို့  တရားရုံးက ချိန်းဆိုထားပါတယ်။

ဒီအမှုတွဲကို မူးယစ်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာကတည်းက ဦးထွန်းမင်းလတ် အမှုနဲ့ တပြိုင်တည်း တည်ဆောက်ခဲ့ပေမဲ့လည်း အခုလို ကြန့်ကြာနေရတာဟာ နိုင်းဥပကစ်ဟာ အထက်လွှတ်တော်အမတ် ဖြစ်နေတဲ့အပြင် နိုင်ငံတကာရာဇဝတ်မှုနဲ့ပါ ပတ်သက်နေတာကြောင့်လို့ ရာဇဝတ်မှုဆိုင်ရာတရားရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းပယုဒ် ဖေ့ချ်ကွန်းက ပြောပါတယ်။

ဦးထွန်းမင်းလတ်ရဲ့ အမှုကိုလည်း အခု ဒီဇင်ဘာလထဲမှာပဲ စီရင်ဆုံးဖြတ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

နိုင်းဥပကစ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က Allure ကုမ္ပဏီထူထောင်ပြီး မယ်ဆိုင်မှာ လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးနဲ့ တာချီလိတ်ဘက်က ဟိုတယ်လုပ်ငန်း၊ ကာစီနိုရုံတွေ ဖွင့်လှစ်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာတော့ သူ့ကုမ္ပဏီကို မြန်မာလက်နက်ပွဲစား ဦးထွန်းမင်းလတ်ထံ ရောင်းချပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့သမက်ကတော့ အဆိုပါကုမ္ပဏီမှာ မန်နေဂျာပြန်ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးဂိုဏ်းကို ဖမ်းဆီးရမိခဲ့ပြီး သူတို့ဟာ Allure Group ကုမ္ပဏီထဲကို ငွေတွေအမြောက်အမြား လွှဲထားတာ တွေ့ရှိတဲ့အတွက် ဦးထွန်းမင်းလတ်ရော၊  မန်နေဂျာနဲ့ ငွေစာရင်းတာဝန်ခံတွေပါ ပြီးခဲ့တဲ့နှစ်က အဖမ်းခံထားရတာပါ။

ဦးထွန်းမင်းလတ်နဲ့ Allure Group ရဲ့ ပိုင်ဆိုင်မှု (ကွန်ဒို၊ မြေကွက်၊ ဘဏ်စာအုပ်၊ မော်တော်ကား) စတာတွေ အပါအဝင် စုစုပေါင်းတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ဒီလဆန်းပိုင်းကလည်း အထက်လွှတ်တော်အမတ်ရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၄၀၀ ကျော်ကို ထပ်မံသိမ်းဆည်းခဲ့ပါတယ်။ သူဟာ သတ်မှတ်ထားတဲ့ ကာလအတွင်း  ငွေရလာတဲ့ လမ်းကြောင်းတွေကို ပြည့်စုံစွာ မတင်ပြနိုင်ခဲ့တဲ့အတွက် ခုလို တရားစွဲခံရတာဖြစ်ပါတယ်။

ဒီအမှုကို ဖော်ထုတ်ဖို့  Future Forward Party လွှတ်တော်အမတ် နိုင်းရန်းဆီ မန်းရုန်းက လွှတ်တော်ထဲမှာ တင်ပြခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် နိုင်းဥပကစ်ကတော့ သူဟာ အပြစ်မရှိဘဲ နိုင်ငံရေး တိုက်ခိုက်ခံရခြင်းသာ ဖြစ်ကြောင်း သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။ လွှတ်တော်အမတ် ရန်းဆီ မန်းရုန်းကိုလည်း အသရေဖျက်မှုနဲ့ ပြန်လည်တရားစွဲထားပြီး ဘတ်သန်းပေါင်း ၁၀၀  နစ်နာကြေး အလျော် တောင်းထားပါတယ်။

‌Source : PPTV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013