
ဒီဇင်ဘာ ၁ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၁၁ ယောက်နဲ့ အမျိုးသားအယောက် ၃၀၊ စုစုပေါင်း ၄၁ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၉ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ အေအေပီပီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၄၀ ကျော်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၆ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သီတင်းနှစ်ပတ်တာအတွင်း နိုင်ငံတဝန်း အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသားအယောက် ၂၀၊ စုစုပေါင်းအယောက် ၃၀ ကို စစ်ကောင်စီက ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ ၅ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ တရားရုံးတွေ ကနေ မတရားပုဒ်မတပ် ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်တွေထဲ ထိန်းသိမ်း ခံနေရဆဲ အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၁၇ ယောက်၊ စုစုပေါင်း ၂၂ ယောက်ထိ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အယောက် ၂၀ နဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၂၅၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၅၅၂ ယောက်ရှိပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၅၉ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၃၂၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၇၉၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။










