DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ်တွင် စစ်တပ်ကင်းလှည့်စစ်ကြောင်း မိုင်းဆွဲခံရ၊ ရေစကြို၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
December 14, 2023
မုံရွာမြို့နယ်တွင် စစ်တပ်ကင်းလှည့်စစ်ကြောင်း မိုင်းဆွဲခံရ၊ ရေစကြို၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဖန်းခါးကျင်းရွာအနောက်ဘက်မှာ ဒီဇင်ဘာ ၁၃ ရက် ည ၁၀ နာရီက စစ်ကောင်စီတပ် ကင်းလှည့်စစ်ကြောင်းကို ကာကွယ်ရေးတပ်ဘက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ည ၉ နာရီအချိန်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖန်းခါးကျင်း ဒေသခံရွာသားတစ်ဦးက“သူတို့ ညဘက် ထွက်လာလေ့တော့ မရှိဘူးဗျ။ ဟိုအရင်နေ့က ပြည်သူကာကွယ်ရေးအဖွဲ့တွေ ဘက်က ဒရုန်းနဲ့ဗုံးချခံရပြီး အခုလို ကင်းထွက်လာတာ ဖြစ်မယ်ဗျ။ သူတို့ထွက်လာမယ် ဆိုတာကို ကြိုသိလို့ ပြည်သူ့ကာကွယ်ရေးဘက်က မိုင်းစောင့်ဆွဲတာ ဖြစ်မယ်” လို့ ပြောပါတယ်။

ဖန်းခါးကျင်းရွာဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အနီးဆုံးမှာရှိတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်၊Chindwin Brother LPDF ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တစ်ဦးကတော့ “ကျနော်တို့ ဖန်းခါးကျင်းရွာ အနောက်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကို ဖန်းခါးကျင်းရွာနဲ့ မီတာ ၅၀၀ ကျော် အကွာဝေးကနေ သူတို့ တက်လာမယ်လို့ သတင်းအတိအကျ ရတာနဲ့ အကျယ် ၁၈ လက်မ၊ အရှည် ၂ ပေခွဲရှိတဲ့ မိုင်းကြီးကိုထောင်ပြီး အသင့်စောင့်နေတယ်။ စစ်ကြောင်းလည်း အနီးအနား ရောက်လည်းလာရော ကျနော်တို့ မိုင်းဆွဲခဲ့တာပါ။ စစ်ကောင်စီ သေဆုံးမှုတော့ စုံစမ်းနေဆဲပဲဗျ။ သူတို့ဘက်က ပြန်ပစ်တာက နှစ်ချက်ပဲ ပြန်ပစ်ပြီး နောက်ပြန်ပတ်ပြီး ထွက်ပြေးသွားကြတယ်။ ဒီ‌နေ့ မနက်ခင်းရောက်တော့ နမခစစ်တပ်ထဲ ပြန်ဝင်သွားကြပြီ” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို Chindwin Brother LPDF အဖွဲ့နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်‌ရေးတပ်တွေ ပူးပေါင်းစစ်ရေး ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

မကွေးတိုင်း ရေစကြိုမြို့မှာ ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေ သိရပါတယ်။

ရေစကြိုမြို့ ရုံးပေါင်စုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထွက်မယ်လို့ အတွင်းသတင်းရတာကြောင့် ဒီဇင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီခွဲမှာ ပြောက်ကျားနည်းဗျူဟာသုံးပြီး ၄၀-မမ နဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီရုံးမှာက စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်လောက် တပ်စွဲထားတာဗျ။ ကျနော်တို့ဘက်က ရဲဘော်တွေ ၄၀-မမ တလုံး ပစ်ခတ်ပြီး နောက်တချက် ဆက်ပစ်မယ်လုပ်တော့ ကျည်ခွံထုတ်မရလို့ တလုံးတည်းပဲ ပစ်ခတ်နိုင်ခဲ့တယ်။” 

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ၄၀-မမ ကျည်ဟာ ရုံးပေါင်းစုံထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကားနဲ့ ရေစကြိုမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ ပစ်ခတ်ပြီး မဇ္ဈိမာရုံဘုန်းကြီးကျောင်းကို ဝင်ရောက် စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013