DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ နေအိမ် ၁၀ လုံး ပျက်စီး
DVB
·
December 14, 2023
မွန်ပြည်နယ်၌ စစ်တပ်လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ နေအိမ် ၁၀ လုံး ပျက်စီး
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား တယောက် သေဆုံးပြီး နေအိမ် ၁၀ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၄) အမြောက်တပ်ကနေ ဘီးလင်းနဲ့ သထုံမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို လက်နက်ကြီး ၂၃ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီးကျည် ၃ လုံးဟာ သထုံမြို့နယ် ပန်းအောင်ကုန်းကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ဆိုင်ကယ်စီးနင်းလာတဲ့ အဝန်းကြီးကျေးရွာသား အသက် ၄၆ အရွယ် စောလာအော ထိမှန်သေဆုံးခဲ့တာပါ။

ပန်းအောင်ကုန်းဒေသခံ တစ်ဦးက“ဒီမှာက နေ့စဉ်နဲ့အမျှ စစ်တပ်က လက်နက်ကြီး ပစ်နေတာ၊ ဟိုနေ့ကတော့(ဒီဇင်ဘာ ၇ ရက်) အဝန်းကြီးရွာသား တစ်ယောက် ဆုံးသွားတယ်၊ ရွာမှာက လူသိပ်မရှိတော့ဘူး၊ အများစုက ပြေးနေကြပြီ”လို့ပြောပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာရှိ နော်မငယ်၊ နော်တေး၊ နော်မီးမီး၊ တီးတာဃဲ၊ တီးမောင်နုနဲ့ တီးကီးတို့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို နွား ၃ ကောင်လည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မဌေးဝင်း၊ ဒေါ်လင်းရွှေ၊ ဒေါ်မကြူနဲ့ ဦးတုတ်ပေတို့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေရောင်ပြ၊ အဝန်းကြီး၊ ပန်းအောင်ကုန်း အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာ ၅ ရွာထက်မနည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထု နှစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013