DVB Logo
Home
Lead Story
ဗိုလ်ချုပ် ပြောတဲ့ ဟိုနိုင်ငံက လွတ်မြောက်ရေး
DVB
·
December 14, 2023
ဗိုလ်ချုပ် ပြောတဲ့ ဟိုနိုင်ငံက လွတ်မြောက်ရေး
Donate to DVB

လူရိုင်းတအုပ်၊

သိမ်းပိုက်အုပ်သည့်      

ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံ။

မကောင်းဆိုးဝါး၊ မိစ္ဆာများကြောင့်

အများဒေါသ၊ ထွက်နေရသော

ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံ။

ဟိုနိုင်ငံမှ၊ လွတ်မြောက်ကြဖို့

တက်ကြွနိုးကြား၊ ပေါင်းစုအားသာ                                                                              

မဟာအင်အား အကြီးမားဆုံး။ ။

ကန်တော့ပါရဲ့။

ရှိကြီး ခိုးပါရဲ့။

နည်းနည်း ရိုင်းမယ်။

ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ နည်းနည်းရိုင်းပါရစေ။ ဟုတ်တယ်။ လူဖြစ်ချင်လွန်းလို့ လူလို ကျင့်ဖို့ ကြိုးစားလိုက်ရတာ လူဖြစ်ရတာ အော့နှလုံးနာတယ်။ အကောင်းပြောဖို့ ကြိုးစားပေမဲ့ အကောင်းမဖြစ်တာ မကောင်းဆိုးဝါးတွေကြောင့်ပဲ။ ဇာတ်သိမ်းခါနီးပြီ။ ဇာတ်ထွတ်ရောက်လေလေ ဇာတ်နာလေလေပဲ။ ဘယ်လိုမှ ယဉ်ကျေးလို့မနိုင်တဲ့ မြန်မာနိုင်ငံ၊ ဘယ်လိုကြိုးစား ကြိုးစား ခုချိန် ငါတို့ နှလုံးသားတွေ မချမ်းမြေ့ဘူး။ ငါတို့ နှုတ်ထွက်တွေ ရိုင်းနေတယ်။ ကန်တော့ပါရဲ့ မိမဆုံးမ ဖမဆုံးမသားတွေ ဇောင်းထတဲ့ ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံ။ အဲဒါ ငါတို့ ပိုင်တဲ့နိုင်ငံ။ မိမနိုင် ဖမနိုင် မမွေးသင့်ခဲ့သူတွေ မင်းဖြစ်ချင်တဲ့ ကျိန်စာသင့် နိုင်ငံ။ အဲဒါတို့ နိုင်ငံ။

ခု လတ်တလော “မုန်းမြို့” မှာ ပြည်သူတပ်တော်က ရန်သူကို ပြောတဲ့စကား “မင်းတို့ကို ငါတို့ မသတ်ဘူး၊ မင်းတို့ကို ငါတို့ မသတ်ဘူး” တဲ့။ မကြာသေးခင်က ကယားပြည်နယ်၊ လွိုင်ကော် တက္ကသိုလ်မှာ ဒဏ်ရာရ ရန်သူတွေကို အပြေးအလွှား ဆေးကုပေးနေတဲ့ အမျိုးသမီးကို မြင်ယောင်လာတယ်။ ဟုတ်တယ် အဲဒါ လူတွေပဲ။

ညက တာမွေမှာ တာယာမီးရှို့ ဆန္ဒပြတဲ့ ကလေးတွေကို ဘယ်ကထွက်လာမှန်း မသိတဲ့ အရပ်ဝတ်တွေက အော်တိုသေနတ်တွေနဲ့ ပစ်သတ်ခဲ့တယ်။ သွေးလွန်နေတဲ့ ကလေးတွေကို အရေးပေါ်  ပြုစုကုသမှုမပေးဘဲ သည်အတိုင်း အကြာကြီးထားခဲ့တယ်။ တကယ်ဆို ဆန္ဒပြတဲ့ အမှုမှာ ကျင့်ဝတ်ညီတဲ့ တရားဥပဒေတွေ ကမ္ဘာမှာ ရှိပြီးသားပဲ။ နားမလည်တာပဲ ရှိမယ်။ အဲဒါကို သင်မရတဲ့ ဗိုလ်ချုပ် ပြောတဲ့ ဟို နိုင်ငံပဲ။

“ငါဟာ ဒုစစ်ဦးစီးချုပ် မာဝီ ဖြစ်တယ်၊ လက်နက်ချသူတွေကို ငါ့တပည့်တွေ မပစ်ဘူး၊ ပစ်ရင် မင်းတို့ကို အပြစ်ပေးမယ်။” 

အဲဒီလို ပြောတဲ့အတိုင်း လုပ်၊ လုပ်တဲ့အတိုင်း ပြောခဲ့တာ တပ်တော်ရဲ့ ခေါင်းဆောင် ဖြစ်တယ်။ အဲဒါ ယောက်ျားတစ်ယောက် ဖြစ်တယ်။ ကျင့်ဝတ်စည်းကမ်း လိုက်နာတဲ့ ယောက်ျားကောင်းတွေ ဖြစ်တယ်။ အဲဒီအချိန် အလံဖြူထောင်ပြီး စည်းကမ်းလိုက်နာ စိတ်ကောင်းရှိသူတွေကို အငိုက်ဖမ်းပစ်တာ ယုတ်ညံ့ခြင်းသာ ဖြစ်တယ်။ အောက်လမ်းနည်းပဲ။ တခါ တခါ ရန်သူက သိပ်ယုတ်ညံ့နေတဲ့အခါ လူဖြစ်ရတာ ရင်နာတယ်။

လက်နက်မရှိတဲ့ ပြည်သူကို တမင် လေယာဉ်နဲ့ ဗုံးကြဲတာ သာမာန် ယုတ်ညံ့ရုံနဲ့မရဘူး။ မိဘ ဆိုဆုံးမမှုနဲ့ ဆိုင်တယ်။ အဲဒီလေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးသူ အမျိုးသမီးဟာ သူတို့ လက်အောက်ငယ်သားရဲ့ ဇနီးမယား ဖြစ်တယ်။ သေဆုံးသူရဲ့ ဘေးက လသားအရွယ် ကလေးငယ်ကို ကယ်ထုတ်ခဲ့တာ ပြည်သူ့တပ်တော်သာ ဖြစ်တယ်။ အဲဒါ ဖြစ်ရပ်မှန် ယုံတမ်းတပုဒ်လို အတော်ခွကျတဲ့ ဖြစ်ရပ်တွေသာ ဖြစ်တယ်။ အဲဒါ ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံမှာ ဖြစ်တယ်။

ပိတ်မိနေတဲ့ ငယ်သားတွေက စစ်ကူလွှတ်ဖို့‌၊ လေယာဉ်လာဖို့ မသေမီအထိ အခါခါ တောင်းဆိုခဲ့ပေမယ့် လေယာဉ်ရောက်မလာခဲ့တဲ့ အသံဖိုင်ဟာ သက်သေပဲ။ အဲဒီလိုပဲ လေယာဉ်ပျံကြီးက ပိတ်မိနေတဲ့ ဟိုဟာလုပ်စားတဲ့ အမျိုးသမီးကို လာခေါ်သွားခဲ့တာကို အဲဒီအမျိုးသမီးတင်တဲ့ ဗီဒီယိုက သက်သေခံတယ်။ ကဲ… ကိုရင်ရေ၊ အဲဒါ ကျုပ်တို့ ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံ ဖြစ်တယ်။

ပဲခူးရိုးမကက ဆင်တွေ အလင်းဝင်လာသတဲ့။ ဒါဟာ နယ်မြေစိုးမိုးမှုရဲ့ ပြယုဂ်ဖြစ်တယ်။ တပ်ရင်းလိုက် အလင်းဝင်တာတွေ မြင်သာတယ်။ တစ်ယောက်ချင်း လွတ်ရာ ရောက်သွားကြတာတွေဟာ အရေအတွက် အများအပြား ဖြစ်နေကြပေမယ့်။ လူတွေ သိပ်မသိနိုင်၊ သိပ်မမြင်ရနိုင်ကြပေမယ့် အဲဒါ အမှန်တရား ဖြစ်တယ်။ ဖက်ဆစ် တပ်ပြိုခြင်းဟာ နေ့ချင်း ညချင်း ဖြစ်လာခဲ့ပြီ ဖြစ်တယ်။

နောက်ဆုံး သေချာတယ်၊ အမှန်တရားသာ နိုင်မယ်။ ပန်းမဝင်ခင် “တက်” မထောင်ကြဖို့ အရေးကြီးသလို အောင်မြင်ပြီးနောက် တည်ဆောက်မယ့် နိုင်ငံတော်သစ်အတွက် အားမွေး တည်ဆောက်ကြရမယ်။

အနာဂတ်မြန်မာနိုင်ငံကို လူကောင်းတွေနဲ့ တည်ဆောက်ဖို့ လူလေးတွေကို လူဖြစ်အောင် မွေးရမယ်။ လူသားဆန်တဲ့ လူတွေပေါဖို့  တဦးချင်းစီ လူသားဆန်ဖို့ ကြိုးစားကြရမယ်။ အနာဂတ် ကလေးတွေကို လူသားဆန်အောင် မွေးမြူကြရမယ်။ ‌ဗိုလ်ချုပ်ပြောတဲ့ ဟိုနိုင်ငံက ပြန်လွတ်မြောက်ဖို့ နိုးကြားတက်ကြွစွာ ကြိုးစားကြရမယ်။ ဒီတခါ  ကမ္ဘာမှာ မြန်မာ ပြန်ဦးမော့ဖို့ ခုအချိန်ဟာ အဖြစ်နိုင်ဆုံးအချိန်ဆိုတာ အားလုံး သိတဲ့ အမှန်တရား ဖြစ်တယ်။ ကပ်ဘေး၊ စစ်ဘေး၊ အငတ်ဘေးနဲ့ အတော် ဒူပေနာပေခံလွန်းတဲ့ မြန်မာနိုင်ငံဟာ ကပ်ဆိုးက နိုးထတော့မှာ ဖြစ်တယ်။

သေချာတယ် စေတနာမှန်သူတွေကြောင့် မြန်မာဟာ တခါ ကမ္ဘာကျော်လိမ့်မယ်။ ရောက်ရာက ပြုံးကြည့်နေပါတော့ ‌ဗိုလ်ချုပ်။ ။

သန့်ကေသာ (CDM ကျောင်းဆရာမတဦး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013