DVB Logo
Home
မြန်မာသတင်း
မတ္တရာတိုက်ပွဲတွင် စစ်သား ၂ ဦးဖမ်းမိ၊ စစ်တပ် လက်နက်ကြီးကြောင့် သဖန်းကိုင်းရွာသား ၃ ဦး သေဆုံး 
DVB
·
December 14, 2023
မတ္တရာတိုက်ပွဲတွင် စစ်သား ၂ ဦးဖမ်းမိ၊ စစ်တပ် လက်နက်ကြီးကြောင့် သဖန်းကိုင်းရွာသား ၃ ဦး သေဆုံး 
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့ခင်းပိုင်းကတည်းက သဖန်းကိုင်းကျေးရွာနဲ့ သိပ်မဝေးတဲ့ ရေစိုတောင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ညပိုင်းမှာတော့ သဖန်းကိုင်းကျေးရွာကို ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၄၅ နှစ်အရွယ် ဒေါ်နွယ်၊ အသက် ၁၄ နှစ်အရွယ် မနဒီလှိုင်း နဲ့ အသက် ၁၀ နှစ်အရွယ် မစုစုနွေး တို့ သေဆုံးကာ အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးကတော့ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ္တရာ ဒေသခံတဦးက “ဒေသခံ အိမ်တွေဘက် အကြောင်းမဲ့ ပစ်တာပါ” လို့ ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် ဒီဇင်ဘာ ၁၂ ရက် ည ၉ နာရီခွဲလောက်မှာလည်း ဆူးလေကုန်းကျေးရွာကို မီးရှို့ခဲ့ပြီး မီးလောင်ပျက်စီး ဆုံးရှုံးမှု အခြေအနေတွေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ကျောက်တံတားကျေးရွာနဲ့ ငါးလုံးပြွန်ကျေးရွာမှာလည်း စစ်အုပ်စုက အင်အားတိုးထားတယ်လို့ သိရပါတယ်။ 

ကျောက်တံတကျေးရွာထဲက ဘုန်းကြီးကျောင်းမှာ  အင်အား ၄ဝ ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် မနက် ၆ နာရီလောက်က စတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ 

အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းထဲမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က "ဘုန်ကြီးကျောင်းမှာက စကစပဲ တပ်စွဲထားတာပါ၊ ရွာသူရွာသားတွေ မရှိပါဘူး။ ကျောက်တံတား ဘုန်းကြီးကျောင်းမှာ ရှိတဲ့ စကစ တွေကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့တယ်။ ထွက်ပြေးသွားတဲ့သူတွေလည်း ရှိပါတယ်။ ဖမ်းဆီးရမိသူတွေကို သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းမွန်စွာပဲ ထားပါတယ်။ အခုနှစ်ယောက်နဲ့ဆိုရင်တော့ ၁၇ ယောက်ရှိပါပြီ" လို့ DVB ကို ပြောပါတယ်။

၂ နာရီလောက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၂ ဦးကို MA-1 ၄ လက်၊ Jammer ၁ လုံး၊ ကွန်ပျူတာ ၁ လုံးအပါအဝင် ဆက်စပ်ခဲယမ်းအချို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၃ ယောက်နဲ့ MDY-PDF ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

MDY-PDF ဟာ ၁ဝ၂၇ စစ်ဆင်ရေးနဲ့အတူ တောင်သမန်စစ်ဆင်ရေးအဖြစ် မဟာမိတ်ညီနောင်အဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်အမြစ်ပြတ်ချေမှုန်းရေးကို ဦးလည်မသုန်ပါဝင်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ လထဲမှာ စစ်ကောင်စီနဲ့ တိုက်ပွဲ ၃၇ ကြိမ်ထပ်မနည်း ဖြစ်ပွားခဲ့ကာ လက်နက်ခဲယမ်း ၁၂၀ က သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၅ ဦး သေဆုံးခဲ့တယ်လို့ တလပြည့်စစ်ရေးအစီရင်ခံစာအရ သိရပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာတော့ ကျေးရွာ နှစ်ဆယ်ကျော်က ဒေသခံ သောင်းချီ စစ်ဘေးရှောင် စခန်းလေးခုနဲ့ နီးစပ်ရာနေရာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း စစ်အုပ်စုဟာ မတ္တရာမြို့နယ်အတွင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပြည်သူ ၁၁ ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဘိုကုန်းကျေးရွာက ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့‌ကလည်း ဆိပ်သာနဲ့ ရှားစေးချက်ရွာကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013