DVB Logo
Home
နိုင်ငံတကာ
ဓားစာခံများ လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် အစ္စရေးဝန်ကြီးချုပ်ကို တောင်းဆို
DVB
·
December 14, 2023
ဓားစာခံများ လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် အစ္စရေးဝန်ကြီးချုပ်ကို တောင်းဆို
Donate to DVB

ဟားမတ်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့ အစ္စရေးဝန်ကြီးချုပ်ကိုတောင်းဆိုတဲ့အနေနဲ့  ဖမ်းဆီးခံရသူတွေရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ တခြားထောက်ခံသူတွေဟာ ဒီဇင်ဘာ ၁၂ ရက်က ဂျေရုဆလင်မှာ စုဝေး ချီတက်ခဲ့ကြပါတယ်။

ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေက နယ်စပ်ဖြတ်ကျော် ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းခေါ်သွားတဲ့ ဓားစာခံ ၂၄၀ ထဲက ဓားစာခံ ၁၀၀ ကျော်ကို နိုဝင်ဘာလက အပစ်အခတ်ရပ်စဲရေးကာလအတွင်း လွတ်မြောက်ခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ဓားစာခံတွေကို အမြန်ဆုံးပြန်လွတ်လာပြီး ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ချက်ချင်းညှိနှိုင်းပေးကြဖို့လည်း အစ္စရေးအစိုးရနဲ့ နိုင်ငံတကာအသိုက်အဝန်းတို့ကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဂျေရုဆလင်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အကြိတ်အနယ် ဆွေးနွေးအပြီး အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ဝင်ရောက်တိုက်ခိုက်ဖို့အတွက် ကျောထောက်နောက်ခံ အပြည့်အဝရရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်ကလည်း အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တွေကိုသာ အကျိုးရှိစေလိမ့်မယ် ဆိုတဲ့ အစ္စရေးရဲ့ရပ်တည်ချက်ကို ထောက်ခံထားပြီး သူ့မဟာမိတ်ကိုလည်း အရပ်သားတွေကို ထိခိုက်မှုမရှိစေဖို့ တောင်းဆိုထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဟားမတ်စ်အဖွဲ့ကို လက်တုံ့ပြန် ချေမှုန်းခဲ့ချိန်ကတည်းက အနည်းဆုံး ပါလက်စတိုင်း ၁၈,၂၀၅ ဦး သေဆုံးပြီး ၅၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအရေအတွက်ဟာ အပျက်အစီးတွေအောက်မှာ သို့မဟုတ် လူနာတင်ယာဉ်တွေ လက်လှမ်းမမီတဲ့နေရာတွေမှာ သေဆုံးတဲ့ တခြားသူတွေကို ထည့်ရေတွက်ခြင်း မပြုထားပါဘူး။ 

ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြားက စစ်ပွဲကို မရပ်ရင် စစ်ပွဲကကျယ်ပြန့်လာနိုင်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရဘ်ဒူလာဟိန်က ဒီဇင်ဘာ ၁၂ ရက်မှာ အမေရိကန်ကို သတိပေးခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာပါ။

“ဒီအခြေအနေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အချိန်မရွေး ထိန်းချုပ်လို့မရနိုင်တဲ့၊ ကြိုတင်မှန်းဆလို့မရတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်လာနိုင်တယ်။ ဒါက ဒီနေ့အထိ အမေရိကန်တွေ သတိမပြုမိသေးပါဘူး”လို့ အဗ်ဒူလာဟိန်က ပြောပါတယ်။

“သူတို့က ဒါကို မကြာခင် သဘောမပေါက်ရင် အကျိုးဆက်တွေက အမေရိကန်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေလိမ့်မယ်”လို့လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အစ္စရေးနဲ့ နိုင်ငံရေးအရ အဆက်အဆံရှိတဲ့ မွတ်ဆလင်နိုင်ငံတွေကို ကန့်သတ်အချိန်တစ်ခုအထိ အဆက်အဆံ ဖြတ်တောက်ကြဖို့ အီရန်ရဲ့ အဓိပတိ အယာတိုလာ အလီခါမေနီက ပြီးခဲ့တဲ့လက တောင်းဆိုခဲ့ပါတယ်။

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေက နော်ဝေ ရေနံတင်သင်္ဘောကို ခရုဇ်ဒုံးကျည်နဲ့ တိုက်ခိုက်တာဟာ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်စေပြီး နိုင်ငံတကာ ဖြေရှင်းချက်တရပ် လိုအပ်တယ်လို့ အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ 

“ဒီဟူသီတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေက မတည်မငြိမ်ဖြစ်ပြီး အန္တရာယ်များပါတယ်၊ နိုင်ငံတကာဥပဒေကို ထင်ထင်ရှားရှား ချိုးဖောက်နေတာပါပဲ” လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ထရစ်ရိုက်ဒါက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်ဟာ အစ္စရေး၊ ကာတာနဲ့ ဘာရိန်းနိုင်ငံတို့ အပါအဝင် အရှေ့အလယ်ပိုင်းဒေသဆီ လာမယ့်သီတင်းပတ်မှာ သွားမယ်လို့ ရိုက်ဒါက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ရေနံတင် သင်္ဘောစထရင်ဒါကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန်နဲ့ မဟာမိတ် ဟူသီသူပုန်တွေက ပြောပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013