DVB Logo
Home
မြန်မာသတင်း
ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော် ကျဆင်း
DVB
·
December 13, 2023
ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော် ကျဆင်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုက အခုဘဏ္ဍာနှစ် ၈ လအတွင်း  အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၉၀ ဘီလီယံကျော်ရရှိထားပြီး ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ကြည့်ရင်  ကန်ဒေါ်လာ ၂ ဒသမ ၂၈၅  ဘီလီယံကျော် လျော့ကျနေတယ်လို့ စစ်ကောင်စီ စီးပွားကူးသန်း ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ ကုန်သွယ်မူ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂- ၂၃ ဘဏ္ဍာနှစ်မှာတော့  ဒီဇင်ဘာ ၁ ရက်အထိ အမေရိကန်‌ဒေါ်လာ ၂၂ ဒသမ ၉၇၅ ဘီလီယံကျော်ကုန်သွယ်နိုင်ခဲ့ပြီး အခုဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော်တန်ဖိုးသာ ကုန်သွယ်နိုင်ခဲ့ပါတယ်။ 

လယ်ယာထွက်ကုန်အပါအဝင်  ပြည်ပပို့ကုန်အားလုံး တင်ပို့မှုလျော့ကျခဲ့သလို သွင်းကုန်မှာလည်း ရင်းနှီးမြှုပ်နှံမူ ကုန်ပစ္စည်းကလွဲပြီး  ကဏ္ဍပေါင်းစုံက တင်သွင်းမူ ကျဆင်းခဲ့ပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် ဒီဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ ၁ ဒသမ ၆၆၃ ဘီလီယံကျော်ထိ လျော့ကျခဲ့ပြီး၊ သွင်းကုန်တင်သွင်းမှုပမာဏက  ကန်ဒေါ်လာ  သန်း ၆၂၀   ကျော် လျော့ကျခဲ့တာ တွေ့ရပါတယ်။

ပင်လယ်ရေကြောင်းကနေ ပို့ကုန်တင်ပို့မှုက အခုဘဏ္ဍာနှစ် ၈ လအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၈၇၄ ဘီလီယံ ကျော်ရှိပြီး  ပြီးခဲ့တဲ့နှစ်ထက် ၁ ဒသမ ၃ ဘီလီယံ ကျော်  လျော့ကျခဲ့ပါတယ်။ စစ်ပွဲတွေကြောင့် ကုန်သွယ်ရေးပြတ်တောက်မူတွေရှိခဲ့လို့   နယ်စပ်ကုန်သွယ်ရေးကနေ ပို့ကုန် တင်ပို့မှုကလည်း  ကန်ဒေါ်လာ သန်း ၃၀၀  ကျော် ပြီးခဲ့တဲ့နှစ်အောက် လျော့ကျခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်တင်ပို့မူဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့  နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မူတွေ၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် တစတစ လျော့နည်းကျဆင်း လာသလို၊ ပို့ကုန်တင်ပို့မှု လျော့ကျလာတာနဲ့အမျှ နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ရရှိမူလည်း လျော့နည်းလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး သွင်းကုန်ဈေးနှုန်းတွေနဲ့ အထွေထွေ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

ဒါ့အပြင် စစ်ကောင်စီ  ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေလဲနှုန်း ထိန်းချုပ်မှုနဲ့ ပို့ကုန်ရငွေအသုံးပြုခွင့် အပေါ် ကန့်သတ်မှုတွေကြောင့်  ပို့ကုန်လုပ်ငန်းတွေလည်း အထိနာခဲ့ရပါတယ်။

အခုအခါမှာတော့  စစ်ကောင်စီ  ဗဟိုဘဏ်က  နှစ်ချီ ထိန်းချုပ်ထားတဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းကို ဖြေလျော့ပေးခဲ့ပြီး Market rate အတိုင်း  လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုလိုက်ပါတယ်။

အဲဒီအပြင် နောက်ထပ် ဖြေလျှော့မှုအနေနဲ့  အရင်က ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေ ထက်ဝက်ကို ၂၁၀၀ ဈေးနဲ့ စစ်ကောင်စီ ဗဟိုဘဏ်ဆီ မဖြစ်မနေ ရောင်းခိုင်းနေရာကနေ ၃၅ ရာခိုင်နှုန်းကိုပဲ ရောင်းဖို့ မူဝါဒ ပြင်ဆင်လိုက်ပါတယ်။

အဲဒီ မူဝါဒ ဖြေလျှော့မူက ပို့ကုန်လုပ်ငန်းတွေကို ပြန်လည် အသက်ဝင် အားကောင်းလာစေနိုင်တယ်လို့  ကုန်သည်တွေက ဆိုပါတယ်။

"ပို့ကုန်တွေ ကျနေတဲ့အတွက် ဖြေလျော့ပေးလိုက်တယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပို့ကုန်သမားတွေ အသက်ရှူချောင်သွားတာပေါ့" လို့ ကုန်သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တဘက်မှာလည်း ဗဟိုဘဏ်က ၁ ဒေါ်လာ ၂၁၀၀ ကျပ်နှုန်းနဲ့  သွင်းကုန်သမားတွေကို ‌နိုင်ငံခြားငွေ မရောင်းချပေးတော့တာကြောင့် သွင်းကုန်အတွက် လိုအပ်တဲ့ ဒေါ်လာကို ဈေးကွက် ပေါက်ဈေးနဲ့ ဝယ်ယူနေရတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာ့ကုန်သွယ်ရေးကဏ္ဍမှာ ပို့ကုန်ထက် သွင်းကုန် တင်သွင်းမူ ပိုများနေပြီ  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈ လအတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ် လာ  ၁ ဒသမ ၄၃၅ ဘီလီယံ ကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013