
ပြင်ပငွေလဲဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာဈေးဟာ အောက်တိုဘာ ၁၄ ရက်မှာ ကျပ် ၄,၆၀၀ ကျပ်ကျော်အထိ မြင့်တက်လာပါတယ်။
ရန်ကုန်မြို့က ငွေလဲကောင်တာတွေမှာ အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်းက အမေရိကန် ၁ ဒေါ်လာ ရောင်းဈေး ၄,၆၂၀ ကျပ်နဲ့ ဝယ်ဈေး ၄,၅၇၀ ကျပ်အထိ ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
စက်တင်ဘာလ နောက်ဆုံးပတ်မှာ ၁ ဒေါ်လာ ဝယ်ဈေး ကျပ် ၄,၃၉၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာကနေ လက်ရှိ ၄,၅၇၀ အထိ မြင့်တက်လာတာဖြစ်ပြီး သီတင်း ၂ ပတ်ဝန်းကျင်အတွင်း ကျပ် ၁၈၀၊ ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၁ ရာခိုင်နှုန်းခန့် မြင့်တက်လာတာ ဖြစ်ပါတယ်။
ထိုင်းဘတ်ဈေးဟာလည်း အောက်တိုဘာ ၁၂ ရက်မှာ ၁ ဘတ် ၁၃၄ ကျပ်ရှိခဲ့ရာကနေ အောက်တိုဘာ ၁၄ ရက်မှာ ၁၃၇ ကျပ်အထိ မြင့်တက်လာပြီး ၂ ရက်အတွင်း ၃ ကျပ်၊ ရာခိုင်နှုန်းအားဖြင့် ၂ ဒသမ ၂၄ ရာခိုင်နှုန်းခန့် မြင့်တက်လာပါတယ်။
လက်ရှိ ပြင်ပငွေလဲဈေးကွက်မှာ ဒေါ်လာဝယ်လိုအား မြင့်တက်နေပြီး ငွေလဲကောင်တာ (MC) တချို့မှာလည်း အဝယ်သာ ရှိပြီး အရောင်းရပ်ထားတာတွေ ရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဒေါ်လာဈေး အခုလို မြင့်တက်လာရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒါပေမဲ့ ငွေကြေးဖောင်းပွမှုနဲ့ ဘတ်ဂျက်လိုငွေပြမှုတွေဟာ ကျပ်ငွေတန်ဖိုးအပေါ် ဖိအားဖြစ်စေနိုင်ပြီး လိုငွေပြမှုကို ဗဟိုဘဏ်က ငွေကြေးထောက်ပံ့မှုနဲ့ ဖြည့်ဆည်းတာမျိုးရှိလာရင် ငွေကြေးလည်ပတ်မှုပမာဏ တိုးလာကာ ကုန်ဈေးနှုန်းနဲ့ ငွေလဲနှုန်းအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားငွေ ဝယ်လိုအားနဲ့ ရောင်းလိုအား၊ ရွှေဈေးအပြောင်းအလဲနဲ့ ဈေးကွက်အတွင်း မျှော်မှန်းချက်တွေကလည်း ငွေလဲနှုန်းအတက်အကျကို သက်ရောက်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။











