DVB Logo
Home
မြန်မာသတင်း
ထရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်း ၂ ခု ဘယ်လောက် အရေးပါသလဲ 
DVB
·
December 13, 2023
ထရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်း ၂ ခု ဘယ်လောက် အရေးပါသလဲ 
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ရဲ့ မြောက်ဘက် ကုလားတန်မြစ်ကြောင်းတလျှောက်က စစ်ကောင်စီရဲ့ အရေးကြီးဗျူဟာကုန်းနှစ်ခုဖြစ်တဲ့ ထရွန်အိုင်ဗျူဟာကုန်းနဲ့ နှုံးဘူးဗျူဟာကုန်းတို့ကို ရက္ခိုင့်တပ်တော် (အေအေ)က အပြီးသတ် သိမ်းပိုက်ခဲ့နိုင်ပါတယ်။

အဲဒီစခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကစပြီး အေအေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထရွန်အိုင်ဗျူဟာကို ထိုးစစ် စတင်ပြီး ၂၁ ရက်အကြာ ဒီဇင်ဘာ ၄ ရက်မှာ သိမ်းနိုင်ခဲ့တာပါ။

နှုံးဘူးဗျူဟာကိုတော့ ထိုးစစ်စတင်ပြီး ၂၇ ရက်အကြာ ဒီဇင်ဘာ ၁၀ ရက်မှ သိမ်းနိုင်ခဲ့တာဖြစ်ပြီး အေအေတပ်ဖွဲ့တွေအနေနဲ့ ရက်ပေါင်းများစွာ ထိုးစစ်ဆင်ပြီးမှ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဗျူဟာနှစ်ခုထဲက ထရွန်အိုင်ဗျူဟာကတော့ တပ်မမှူးအဆင့်ထိုင်တဲ့ စခန်းဖြစ်သလို အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပလက်ဝအထက်ပိုင်းမှာရှိတဲ့ ပွိုင့်စခန်းငယ်တွေအားလုံးလည်း ဒီစခန်းမှာ လာရောက်ပူးပေါင်းနေတာပါ။

ထရွန်အိုင်ဗျူဟာက ကုလားတန်မြစ်ကမ်းနဖူးအနောက်ခြမ်း ပလက်ဝမြောက်ဘက်မှာ တည်ရှိတာဖြစ်ပြီး ဒီစခန်းမှာ အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ အဲဒီဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ထရွန်အိုင်ဗျူဟာမှာဆိုရင် ရဟတ်ယာဉ် ဆင်းသက်နိုင်တဲ့ လေယာဉ်ကွင်းရှိသလို ၁၂၂ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေလည်း ရှိပါတယ်။ ထရွန်အိုင်ဗျူဟာကနေ အောက်ဘက်ကို ထပ်ဆင်းလာရင်တော့ နှုံးဘူးဗျူဟာ ရှိပါတယ်။ ဒီစခန်းကတော့ ဗျူဟာအဆင့်ထိုင်တဲ့စခန်း ဖြစ်ပြီး ကုလားတန်မြစ်ရဲ့ ကမ်းနဖူးအရှေ့ဘက်အခြမ်းမှာ တည်ရှိပါတယ်။ နှုံးဘူးဗျူဟာမှာတော့ အင်အား ၁၅၀ ဝန်းကျင်ရှိပါတယ်။

အခုတော့ အဲဒီစခန်းနှစ်ခုစလုံးကို အေအေက သိမ်းပိုက်လိုက်တာကြောင့် ပလက်ဝရဲ့ မြောက်ဘက်အခြမ်းကို အေအေက စိုးမိုးလိုက်နိုင်တဲ့ အခြေအနေဖြစ်သွားခဲ့ပါပြီ။ နောက်ထပ် အရေးကြီးတဲ့ ဗျူဟာကတော့ မီးဝဗျူဟာပါ။ ဒီဗျူဟာကိုတော့ အေအေဘက်က အခုမှ တိုက်နေဆဲ ဖြစ်ပါတယ်။

မီးဝဗျူဟာက ပလက်ဝရဲ့ တောင်ဘက် ပလက်ဝ-ကျောက်တော် လမ်းဘေး၊ ကုလားတန်မြစ်ကမ်းနဖူးမှာ တည်ရှိတာကြောင့် ဒီဗျူဟာကတော့ ကုန်းလမ်းရော ရေလမ်းကိုပါ စိုးမိုးနိုင်တဲ့ ဗျူဟာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီးအရေးကြီးတာကတော့ ပလက်ဝမြို့ကို ကျောက်တော်ကနေ စစ်ကူပေးနိုင်တဲ့ လမ်းကြောင်းမှာ တည်ရှိတာကြောင့် ဒီစခန်းကို သိမ်းပိုက်နိုင်ရင်တော့ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကိုပါ  ဖြတ်တောက်ပြီးသား ဖြစ်သွားမှာပါ။

အဲဒီအချိန်ရောက်ရင်တော့ ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ကို ထောက်ပံ့ပေးနိုင်မဲ့ ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားမှာဖြစ်ပြီး ပလက်ဝကို သိမ်းပိုက်နိုင်ဖို့က လွယ်ကူသွားမှာ ဖြစ်ပါတယ်။

မီးဝဗျူဟာနဲ့ ပလက်ဝကို သိမ်းလိုက်နိုင်ရင်တော့ အေအေစိုးမိုးနယ်မြေက အများကြီး အချက်အချာကျသွားမှာဖြစ်ပြီး ချင်းပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ လိုင်လင်းပီ၊ ရေဇွာတို့နဲ့လည်း တဆက်ဆက်တည်းဖြစ်သွားမှာ ဖြစ်သလို နယ်စပ်ကိုလည်း စိုးမိုးနိုင်သွားမှာပါ။

နောက်ထပ် အရေးကြီးတာကတော့ ပလက်ဝဒေသကို အပြည့်အဝထိန်းချုပ်လိုက်နိုင်ရင်တော့ ကုလားတန်မြစ်စီမံကိန်းဟာလည်း အေအေလက်ထဲ ကျရောက်သွားမှာ ဖြစ်ပါတယ်။

ကုလားတန်မြစ်စီမံကိန်းကို အိန္ဒိယနဲ့ မြန်မာအကြား ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး စစ်တွေကနေ ပလက်ဝအထိ ရေကြောင်းနဲ့ ကုန်ပစ္စည်း ပို့ဆောင်ပြီး၊ ပလက်ဝကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်အထိ ကုန်းလမ်းနဲ့ ကုန်ပစ္စည်းပို့ဆောင်နိုင်ဖို့ ဆက်သွယ်ရေးလမ်းတွေ ဖောက်လုပ်ဖို့၊ ပလက်ဝမှာ ဆိပ်ကမ်း တည်ဆောက်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါကြောင့် အေအေက ပလက်ဝဒေသကို အပြည့်အဝထိန်းချုပ်နိုင်ရင်တော့ စစ်ကောင်စီအတွက် စစ်ရေးရော၊ စီးပွားရေးပါ ဆုံးရှုံးသွားစေမှာ ဖြစ်တယ်လို့လည်း ရခိုင်နိုင်ငံရေးသမား  ဦးဖေသန်းက သုံးသပ် ပြောပါတယ်။

ပလက်ဝကနေ တဆက်တည်း ကျောက်တော်ဘက်ကိုပါ ထပ်ပြီးစိုးမိုးနိုင်ရင်တော့ အမ်းဘက်ကို ဖြတ်စရာမလိုဘဲ ပြည်မနဲ့ ချိတ်ဆက်နိုင်တဲ့ လမ်းကြောင်းပွင့်သွားနိုင်တယ်လို့လည်း ကိုဇင်ယော်က ပြောပါတယ်။

ဒါကြောင့် ပလက်ဝနဲ့ ကျောက်တော်ကြားမှာရှိတဲ့ မီးဝဗျူဟာကို စစ်ကောင်စီဘက်က အပြင်းအထန် ကာကွယ်သွားဖို့ရှိနေသလို စိတ်ဓာတ်ရေးရာအရရော၊ ဗျူဟာအရရော လက်ရှိမှာ သာလွန်နေတဲ့ အေအေအနေနဲ့လည်း အပြင်းအထန်ထိုးစစ်ဆင်ဖို့ ရှိနေတာကြောင့် ပလက်ဝဒေသ စစ်ရေးကို ဆက်လက် စောင့်ကြည့်ရဉီးမှာ ဖြစ်ပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013