DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် တိုက်ပွဲပြင်းထန်၊ အရပ်သားများ သေဆုံးဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
DVB
·
December 13, 2023
နမ့်ခမ်းတွင် တိုက်ပွဲပြင်းထန်၊ အရပ်သားများ သေဆုံးဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့  TNLA တအာင်းတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဒီနေ့အထိ ဆက်လက်ပြင်းထန်ဖြစ်ပွားနေပြီး  လက်နက်ကြီးတွေ ရပ်ရွာထဲ ကျတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးကာ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က TNLA တပ်ဖွဲ့ဝင်တွေဟာ ပေါက်နေရပ်ကွက်မှာရှိတဲ့ မြို့မရဲစခန်းထဲ ဝင်ရောက်နေရာယူပြီး မြို့တောင်ဘက်အဝင် စစ်ကောင်စီရဲ့  စခန်းသစ်ကုန်းကို ဒရုန်းတွေနဲ့ လှမ်းပစ်ခဲ့ကြောင်း၊ ည ၇ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့လာရောက်ပစ် ခတ်လို့ ပေါက်နေရပ်ကွက်ထဲက နေအိမ် ၁၁ လုံးလောက် ထိခိုက်ပျက်စီးသွားတယ်လို့ နမ့်ခမ်း ဒေသခံတစ်ဦးကပြောပါတယ်။

ဒီဇင်ဘာ ၁၂  ရက်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်နေကြောင်း၊ နေ့ခင်း ၁၂ နာရီလောက်မှာ ဘယ် ဘက်ကမှန်းမသိ ပစ်ထည့်လိုက်တဲ့ လက်နက်ကြီးဟာ ကုန်းဆာရွာထဲကို ကျလာပြီး အသက် ၆၀ ကျော်ရှိ ရွာသား ၁ ဦး လက်နက်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

“မနေ့ နေ့လယ်ပိုင်းက ကုန်းဆာရွာထဲလက်နက်ကြီးကျတာ လုံးစိုင်းလှအောင်တို့အိမ်ကို ထိတယ်၊ သူတို့အိမ်က ထရံအိမ်လေ၊ အိမ်လည်းရစရာမရှိ ပျက်စီးပြီး လုံးလည်းပွဲချင်းပြီးပဲ။ ကုန်းဆာဘုန်းကြီးကျောင်းထဲလည်းကျတယ်။ စေတီနဲ့ ဘုရားဆင်းတုတော် ပျက်စီးတယ်။”

မနေ့ကလည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ၆ စီးလောက် ရောက်လာပြီး နောင်ကောင်ရွာဘက်ကို စစ်သားနဲ့ လက်နက်ခဲယမ်းအကူတွေ လာချကြောင်း၊ နမ့်ခမ်းမြို့ပြင် TNLA တွေရှိမယ်လို့ ယူဆရတဲ့ တောင်ပေါ်ရွာတွေဘက်ကိုလည်း  လက်နက်ကြီးတွေနဲ့ ပစ်ချတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ကလည်း ၁၀ နာရီကျော်ကတည်းက နမ့်ခမ်းမြို့အနောက်တောင်ဘက် နောင်တိန်းရွာဘက်မှာလည်း တိုက်ပွဲဖြစ်နေကြောင်း၊ နောင်တိန်းရွာသားအားလုံး ထွက်ပြေး တိမ်းရှောင်နေစဉ် လမ်းမှာ အသက် ၅၀ ကျော်ရွာသား ၁ ဦးနဲ့ အသက် ၆၀ အရွယ် ရွာသူ ၁ ဦး တို့ လက်နက်ကျည်ထိမှန်ဒဏ်ရာရသွားတယ်လို့  နောက်ဒေသခံတဦးက ပြောပါတယ်။ 

တိုက်ပွဲဟာ ရွှေလီမြစ်ကမ်းနံဘေးက ရွာတွေဆီ တဖြည်းဖြည်းနီးကပ်လာတာကြောင့် အဲဒီ အနီး တဝိုက်မှာ လွန်ခဲ့တဲ့လကတည်းက စစ်ဘေးရှောင်တွေရော၊ ဒေသခံရွာသားတွေပါ ရွှေလီမြစ်တဘက်ကမ်းကို ကူးပြီး တိမ်းရှောင်ဖို့ ကြိုးစားနေတာမို့  မြစ်ကမ်းမှာ ကားတွေလူတွေ ပြည့်နှက်နေတယ်လို့ ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ကစ ဒီကနေ့ထိ  ၁ လ ခွဲတာ ကာလအတွင်း တိုက်ပွဲကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရကာ  အိမ်ခြေ ၁၀၀ ကျော် ပျက်စီးပြီး လူပေါင်း ၇၀၀၀ ကျော်ဟာ ရွှေလီမြစ် တဘက်ကမ်းကို စစ်ဘေးရှောင်နေကြရပါတယ်။

တချို့က တရုတ်ပြည်ရှိ ဆွေမျိုးတွေထံ သွားရောက်ခိုလှုံပြီး တချို့က ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့မြို့ကြီးတွေဆီ ပြောင်းသွားကြကာ နမ့်ခမ်းမြို့ပေါ်မှာတော့ ရပ်ကွက်ပေါင်း ၂၀ ကျော်ရှိတဲ့အထဲ မြို့နေလူထု ၇၀ ရာခိုင်နှုန်း စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။

Photo - CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013