
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်းခင်နယ်မြေထဲမှာ ဆေးခြောက် အလေးချိန် ၅ တန် ( ကီလို ၅,၀၀၀ ) ကျော်ကို သိမ်းဆည်းရမိပြီး အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄ ယောက်ပါ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ဘန်းခင်နယ်မြေ၊ ထာ့ရိုင့်ရပ်ကွက်၊ ခူးဘွန်း ၂၄ လမ်းထဲက နေအိမ်တလုံးကနေ ဆိုးရွားတဲ့ အနံ့အသက်တွေ ထွက်နေပြီး ပတ်ဝန်းကျင်က မခံမရပ်နိုင်တော့တာကြောင့် နယ်မြေရဲစခန်းကို တိုင်ကြားခဲ့တယ်၊ တာဝန်ရှိသူတွေက အချိန် ၂ လကြာ စုံစမ်းထောက်လှမ်းပြီးတဲ့နောက် လဝက ရဲတပ်ဖွဲ့၊ တိုင်းရင်းဆေးပညာဗဟိုဌာက တာဝန်ရှိသူတွေနဲ့အတူ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါနေအိမ်မှာ ခြံဝင်းတခုအတွင်း သီးသန့်တည်ဆောက်ထားတဲ့ အဆင့်မြင့် ၃ ထပ်တိုက်ဖြစ်ပြီး အထဲမှာ အိတ်မည်းတွေနဲ့ ထည့်ထားတဲ့ ဆေးခြောက်ပွင့်တွေ အထပ်တိုင်းမှာ သိုလှောင်ထားတယ်။ အနံ့အသက်ရှင်းလင်းတဲ့ လေမှုတ်စက်တွေပါ တပ်ဆင်ထားပေမဲ့ ဆေးခြောက်တွေ အလွန်များလွန်းတာကြောင့် နံစော်နေတယ်၊ အဲဒီမှာ သိုလှောင်ထားတဲ့ ဆေးခြောက်အလေးချိန် စုစုပေါင်း ၅ တန် ကျော်မယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ နေရာမှာ ဆေးခြောက်တွေကို ဖြန့်ဖြူးဖို့ ရွေးခြယ်၊ ထုပ်ပိုး၊ ချိပ်ပိတ် စတဲ့ အလုပ်တွေ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄ ယောက်ကိုပါ တွေ့ရှိတယ်။ သူတို့ဟာ အဲဒီအလုပ်လုပ်ရာမှာ လုပ်အားခ တနေ့လျှင် ဘတ် ၂၀၀ မှ ၃၀၀ စီရရှိပြီး ဗီယက်နမ် နိုင်ငံသားတယောက်က ဦးဆောင် စီမံခန့်ခွဲနေတာလို့ ဆိုပါတယ်။
အဆိုပါနေရာမှာ ဆေးခြောက်ဖြန့်ဖြူးတဲ့အလုပ် လုပ်ကိုင်နေတာ ၁ နှစ်ကျော်ပြီဖြစ်ပြီး ထိုင်းလူမျိုး တယောက်ရဲ့ အမည်နဲ့ ငှားရမ်းထားတာဖြစ်တယ်။
ဆေးခြောက်ထုပ်ပိုးဖြန့်ချိခွင့် လိုင်စင်မှာ ထိုင်းအရှေ့မြောက်ပိုင်း နောင်ဘိုလမ်းဖူးခရိုင်က ဖြစ်တာကြောင့် ဘန်ကောက်မှာ လာရောက်လုပ်ကိုင်ခွင့်မရှိပါဘူး။ ခွင့်ပြုချက်မရဘဲ ဆေးခြောက် ထုတ်လုပ်ဖြန့်ဖြူးက ဥပဒေအရ ထောင်ဒဏ် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂၀,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အလုပ်ကြီးကြပ်တဲ့ ဗီယက်နမ်နိုင်ငံသား ၁ ယောက်နဲ့ မြန်မာလုပ်သား ၄ ယောက်တို့ကို ဖမ်းဆီးစစ်ဆေးနေပြီး အိမ်ငှားရမ်းပေးတဲ့ ထိုင်းနိုင်ငံသားကိုလည်း ဆက်လက်စုံစမ်းရှာဖွေနေတယ်။
သိမ်းဆည်းရမိတဲ့ ဆေးခြောက်တွေကိုတော့ ဓာတ်ခွဲခန်းမှာ ထပ်မံစစ်ဆေးပြီး ရယူတင်သွင်းခဲ့တဲ့ နေရာကို၊ ပြည်ပမှ တရားဝင်တင်သွင်းခြင်း ရှိ၊ မရှိ ထပ်မံစစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။
Source: Thairath News / Police TV











